ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့မှာ ဆန္ဒပြကြတဲ့ ထိုင်းရောက်မြန်မာများ ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းကို ဧပြီလ ၁ ရက်နေ့ ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ပုံမှန်ရုံးထုတ်စစ်ဆေးဖို့ တရားသူကြီးက သတ်မှတ်ထားတဲ့ မတ်လ ၂၄ ရက်နေ့ ဒီနေ့မှာ သူ့ကို ဘာကြောင့် တရားရုံးမထုတ်နိုင်သလဲဆိုတာ သဲသဲကွဲကွဲ မရှိပါဘူး။ ပြီးခဲ့တဲ့ တခေါက် ရုံးချိန်းတုန်းကတော့ အွန်လိုင်းကနေ ကြားနာစစ်ဆေးဖို့ အင်တာနက်မရတာကြောင့် ရွှေ့ဆိုင်းရတယ်လို့ အကြောင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အဓိက လိုက်မယ့် ရှေ့နေ့ ဦးခင်မောင်ဇော်အနေနဲ့ အခုအချိန်အထိ ရှေ့နေပါဝါလွှဲတာ လက်ခံမရသေးပေမဲ့ သူ့လက်ထောက် ရှေ့နေနှစ်ဦး ပါဝါလွှဲစာတော့ လက်ခံရထားပါတယ်။ လတ်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ လေးခုနဲ့ တရားရုံးတင်ထားပြီး နောက်ထပ်ပြစ်မှုဆိုင်ရာစွဲချက်တွေ ထပ်တိုးလာနိုင်မယ့် အလားအလာရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောထားပါတယ်။

တရားမဝင်တဲ့ လမ်းလျှောက်စကားပြောစက်တွေ အသုံးပြုမှု၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်တားမြစ်ချက်ကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားတာပါ။ ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ရဲ့ ထွက်ဆိုချက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ရဲ့ ထွက်ဆိုချက်တွေအပေါ်တည်ပြီး အဂတိလိုက်စားမှုပုဒ်မှုတွေ ထပ်တိုးလာနိုင်ခြေရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာငွေကြေးနဲ့ ရွှေသားတွေ ပေးခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းထွက်ဆိုတာ၊ ဒေါ်လာငွေသားတွေ ကိုယ်တိုင်ပေးခဲ့တယ်လို့ ဦးမောင်ဝိတ်ကထွက်ဆိုတာတွေကို စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အိမ်ခြံငှားရမ်းမှု၊ ငွေအဝင်အထွက်တွေကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီက စစ်ဆေးနေတာတွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ပြစ်မှုပုဒ်မတွေ တပ်ပြီး စစ်တပ်က တရားစွဲနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရသလို၊ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးပြန်လွှတ်ဖို့တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုတွေဟာ စစ်ကောင်စီအနေနဲ့ အာဏာယူနိုင်ဖို့အတွက် ဟန်ပြအမှုဆင်နေတာဖြစ်တယ်လို့လည်း မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း တုံ့ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/dassk-trial/5826636.html

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 23:14 Rating: 5

No comments:

Powered by Blogger.