ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး

ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး မကွေးတိုင်း အောင်လံမြို့မှာ ၂၀၂၁ မတ် ၁၅ ရက်နေ့က သေနတ်ထိမှန်သွားသူတစ်ဦးကို သယ်ဆောင်လာစဉ် / Photo CJ

စစ်အာဏာရှင် ကန့်ကွက်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံးတာတွေ စံချိန်တင်မြင့်တက်နေပေမယ့် နေရာအများစုမှာ ကန့်ကွက်ဆန္ဒပြသူတွေ အများအပြား ဆက်ရှိနေပါတယ်။ ဒီနေ့ နိုင်ငံအနှံ့မှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့က စစ်အာဏာရှင်ကန့်ကွက်ဆန္ဒပြ သပိတ်စစ်ကြောင်းကို ဒီနေ့ မတ် ၁၅ ရက် မနက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းလို့ အမျိုးသမီးတစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူ ၁၃ ဦးရှိနေပြီး အဲဒီထဲက လေးယောက်ကို မန္တလေးနဲ့ ပုဂံ ဆေးရုံတွေကိုပို့ဖို့ စီစဉ်နေတယ်လို့ မြင်းခြံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

စစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ မြင်းခြံမြို့ အေးစေတီဘုရားအနီးနဲ့ အတွင်းလမ်းတွေထဲအထိပါ ဝင်ရောက်ပစ်ခတ် တာတွေရှိနေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့မှာလည်း ဒီနေ့မနက်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် နေ့လယ်အထိ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးရတဲ့သူတွေဟာ အသက် ၂၅ နှစ်အရွယ်နဲ့ ၃၀ အရွယ်လောက် အမျိုးသား နှစ်ယောက် ဖြစ်တယ်လို့ သာခန့်မှန်းရပြီး၊ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့က သပိတ်စစ်ကြောင်းကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ မနက်မှာ အကြမ်းဖက်ဖြိုးခွင်းခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်းမှာလည်း လှိုင်သာယာမြို့နယ်က မင်းရဲကျော်စွာလမ်းနဲ့ တပင်ရွှေထီးလမ်းထောင့်မှာ ဒီနေ့ မွန်းလွဲပိုင်းက လမ်းဘေးက လူတစ်ယောက်ကို စစ်တပ်နဲ့ရဲက ပစ်လိုက်တဲ့အတွက် သေဆုံးသွားပါတယ်။

မနေ့က အဲဒီလှိုင်သာယာမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက တံတားပေါ်ကနေနေရာယူပြီး ပစ်ခတ်ဖြိုခွင်း တာကြောင့် သေဆုံးသူအယောက် ၅၀ ထက်မနည်းရှိခဲ့ပေမယ့် ဒီနေ့မှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

တာမွေမြို့နယ်မှာ မနေ့က လူငယ်တစ်ဦး သေဆုံးခဲ့ပေမယ့် ဒီနေ့မှာလည်း ကျိုက္ကဆံလမ်းမှာ ကျောင်းသား လူငယ်တွေ စစ်ဏာရှင်ဆန့်ကျင်ကြောင်း ဆက်လက်ဆန္ဒပြနေပါတယ်။

အလားတူ သာကေတ၊ သန်လျင်၊ မြောက်ဥက္ကလာပမြို့နယ်တွေမှာလည်း ဒီနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း တွေမှာ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း ဒီနေ့မနက်အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လှုပ်ရှားသွားလာတာတွေရှိနေပြီး နေရာတချို့မှာ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်မှာ နေထိုင်ကြတဲ့ အလုပ်သမားတွေဟာ ဒီကနေ့မနက်က နယ်ဒေသ အသီးသီးကိုပြန်ကြဖို့ ကြိုးပမ်းနေပြီး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေကို ဒီနေ့မနက်ကစပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေကို လည်း မနေ့ညက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ အလားတူကြေညာခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အာဏာပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ထားတာပါ။

အခြေခံဥပဒေပုဒ်မ ၄၁၉ အရ Martial Law လို့ ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို တိုင်းမှူးကိုယ်တိုင် ပဲဖြစ်ဖြစ်၊ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးတော့ပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့ မြို့နယ် ခြောက်မြို့နယ် ရှိလာပါပြီ။

မတ် ၁၄ ရက်နေ့ မနေ့က ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က တရုတ်အထည်ချုပ်စက်ရုံတချို့ မီးရှို့ခံရပြီး တရုတ်ဝန်ထမ်းအမြောက်အများ ဒဏ်ရာရပိတ်မိခဲ့တာကြောင့် အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးအာမခံချက် ရှိဖို့လည်း တောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေကို ဥပဒေနဲ့အညီ ဖော်ထုတ်ဖို့၊ လှုံ့ဆော်မှုနဲ့ အသုံးချမှုတွေကြောင့် တရုတ် - မြန်မာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မဖျက်ဆီးမိစေဖို့ တိုက်တွန်းတယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒါပေမဲ့ တရုတ်အမျိုးသားပိုင်စက်ရုံတွေ မီးရှို့ခံရတာဟာ စက်ရုံပိုင်ရှင်တွေဘက်က ရှို့တာရှိသလို၊ အရပ်ဝတ်နဲ့ မသမာသူတချို့ ရှို့တာလည်းရှိတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုလို အခြေအနေတွေရှုပ်ထွေးပြီး သတင်းထောက်တွေလည်း အဖမ်းခံရ၊ ခြိမ်းခြောက်ခံရတာတွေကြောင့် တရုတ်စက်ရုံတွေမီးရှို့တာ ဘယ်သူတွေလဲဆိုတာ RFA က သီးခြားစုံစမ်းလို့ မရသေးပါဘူး။

မန္တလေးမြို့မှာ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြလို့ စစ်တပ်နဲ့ရဲတွေပစ်လို့ သေဆုံး၊ ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိနေပေမယ့် ဒီနေ့လည်း ဆက်လက်ဆန္ဒပြနေပါတယ်။

နေရာတိုင်းမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ အသင့်လုပ်ထားပေမယ့် ဒီကနေ့ မနက်ပိုင်းက မြတောင်သပိတ် စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေနဲ့ ပြည်သူတွေက ထိုင်သပိတ် ဆန္ဒပြခဲ့ပြီး သေဆုံးခဲ့ကြသူတွေကို အလေးပြုတာ၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်တာ၊ ဟောပြောတာတွေနဲ့ ကြွေးကြော်ဆန္ဒပြ တာတွေလည်း လုပ်ခဲ့ပါတယ်။

ဒါအပြင် တရားလွှတ်တော်ရှေ့နေတွေ စုပေါင်းပြီး ဒီနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြတာတွေလည်း လုပ်ခဲ့ပါတယ်။

မန္တလေးမြို့မှာ ဒီနေ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း တာကြောင့် သေဆုံးသူ နှစ်ဦးရှိပါတယ်။ မန္တလေးမြို့ အောင်ပင်လယ်ရွာမလမ်းက ကိုသန်းထိုက်ဦး (၂၆)နှစ်နဲ့ အမည်မသိသေးတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ရေးမြို့မှာလည်း ဒီနေ့ မနက် ၆ နာရီခွဲက မြို့ထဲမှာလှည့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ကြွေးကြော်ခဲ့ကြပါတယ်။

စစ်တပ်နဲ့ရဲက နေ့တိုင်းပစ်ခတ်ဖြိုခွင်းနေတာတွေရှိနေတာကြောင့် ပြည်သူတွေက အချိန်နဲ့နေရာ အတိအကျ မသတ်မှတ်ဘဲ ရှောင်ကွင်းပြီး ဆန္ဒပြဆန့်ကျင်နေကြတာပါ။

မတ် ၁၄ ရက် မနေ့ကလည်း တာမွေမြို့နယ်မှာ ကျည်ထိပြီးလဲနေတဲ့ အသက် ၁၈ နှစ်အရွယ် ဆေး ကျောင်းသား မောင်ခန့်ညားဟိန်းကို ရဲတပ်ဖွဲ့က ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်သံဖိုင်လည်း အင်တာနက်မှာ ပျံ့နှံ့နေပါတယ်။ ဒီနေ့မနက်မှာတော့ မင်္ဂလာဒုံကုတင် ၁၀၀၀ ဆေးရုံမှာ သားဖြစ်သူရဲ့ ရုပ်အလောင်းကို လာယူလို့ရကြောင်း အကြောင်းကြားလာတယ်လို့ မောင်ခန့်ညားဟိန်းရဲ့ဖခင်က ပြောပါတယ်။

လှိုင်သာယာက ဆန္ဒပြသူတွေကို မနေ့က အကြမ်းဖက်ဖြိုခွဲမှုမှာ လတ်တလောစာရင်းတွေအရ ၄၈ ယောက် ရှိနေပြီး ဆေးရုံကိုရောက်မလာတဲ့သူတွေ၊ ပိုင်ရှင်မပေါ်တဲ့ သေဆုံးသူတွေ ရှိနေနိုင်သေးတယ်လို့ ပရဟိတ အဖွဲ့အစည်းတွေက ပြောပါတယ်။

လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက ဆန္ဒပြသူတွေ အကြမ်းဖက်ခံရတဲ့အချိန်မှာပဲ စက်ရုံတချို့ မီးလောင်တာတွေရှိခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ ပစ်ခတ်နေတာကြောင့် လွတ်အောင် ပုန်း ရှောင်နေရပြီး စက်ရုံကို ဘယ်သူမီးရှို့တယ်၊ စက်ရုံ ဘာကြောင့်မီးလောင်သလဲဆိုတာကို သေချာမသိခဲ့ကြ ဘူးလို့ ဆန္ဒပြတဲ့မှာရှိနေခဲ့တဲ့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့တစ်ယောက်က ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်မှာလည်း ဆိုလာမိုဒါ အထည်ချုပ်စက်ရုံမီးလောင်ပြီး သူ့အနားမှာရှိတဲ့ ကျောပိုးအိတ်စက်ရုံကိုပါ မီးကူးသွားပါတယ်။ အဲဒီမီးလောင်တာတွေကို ရပ်ကွက်ကငြိမ်းသတ်ခဲ့ပေမဲ့ ဒီနေ့နေ့လယ်အထိ မီးမသေသေးပါဘူး။ အဲဒီမီးလောင်မှုကလည်း ဘယ်ကစတယ်ဆိုတာကို တိကျတဲ့ သတင်းအချက်အလက် မရသေးပါဘူး။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း မနေ့ညက အာဏာရှင်ဆန့်ကျင်တဲ့ ညသပိတ်တွေကို ရပ်ကွက်တွေမှာ လုပ်နေတုန်း လုံခြုံရေးတပ်တွေရောက်လာပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် နှစ်ယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူတွေထဲက နှစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ အကြမ်းဖက်ခံရချိန်မှာ ရှိနေခဲ့တဲ့ မြို့ခံတစ်ယောက်က ပြောပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းအရ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၁၃ ရက်အထိ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းလို့ သေဆုံးရတဲ့အရပ်သားပြည်သူ ၈၅ ယောက်ရှိခဲ့ပြီး၊ မတ် ၁၄ ရက် တစ်ရက်တည်း မှာတော့ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ပဲခူးနဲ့ မန္တလေးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ သေဆုံးသူ ၆၀ ကျော် ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲမှာဆိုရင် လှိုင်သာယာမှာ အနည်းဆုံး ၄၈ ယောက်၊ သင်္ဃန်းကျွန်းမှာ ခြောက်ယောက်၊ ရွှေပြည်သာမှာ သုံးယောက်၊ အင်းစိန်မှာ သုံးယောက်၊ မြောက်ဥက္ကလာမှာ နှစ်ယောက်၊ လှိုင်၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ တာမွေမြို့နယ်တွေမှာ တစ်ယောက်စီ သေဆုံးခဲ့ပါတယ်။

တချို့နေရာတွေမှာ သေဆုံးသူတွေ ဒီထက်မက ပိုများနေကြောင်း ပြောဆိုကြပေမယ့် ဖုန်းအင်တာနက်တွေကို ဒီနေ့မှာ ဖြတ်တောက်ထားတာကြောင့် အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီနေ့မှာလည်း အနည်းဆုံး ၁၁ ယောက်သေဆုံးရပါတယ်။

ဒါကြောင့် စစ်ကောင်စီအုပ်ချုပ်နေတဲ့ ၄၃ ရက်အတွင်း စစ်တပ်နဲ့ရဲရဲ့ လက်ချက်ကြောင့်သေဆုံးရတဲ့ ပြည်သူ အနည်းဆုံး ၁၆၀ ရှိနေပြီဖြစ်ပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ မတ် ၁၄ ရက်အထိ ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခံရသူစုစုပေါင်း ၂၁၅၆ ယောက်ရှိပြီး၊ ဖမ်းဝရမ်းထုတ်လို့ တိမ်းရှောင်နေရတဲ့သူက ၇၃ ယောက်ရှိနေပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူ သုံးယောက်၊ ပြန်လွတ်မြောက်လာသူ ၃၁၉ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-killed-at-least-nine-civilians-03152021063552.html

ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး  ဆန္ဒပြသူတွေ ပစ်ခတ်ခံရလို့ အနည်းဆုံး ၁၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:58 Rating: 5

No comments:

Powered by Blogger.