ဥပဒေနှင့်အညီ ခုခံကာကွယ်ခြင်းသည် ပြစ်မှုမမြောက် - CRPH

မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲမှုမြင်ကွင်း။

နိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတို့က အကြမ်းဖက်မှုတွေ ကျူးလွန်လာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မိမိကိုယ်ကိုမိမိ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၁၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ တဦးချင်းဖြစ်စေ၊ ရပ်ကွက် ကျေးရွာ အစုအဖွဲ့လိုက်ဖြစ်စေ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်လုပ်ဆောင်တာ အားလုံးဟာ ပြစ်မှုမမြောက်ဘူးလို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာပိုင်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ၊ အကြမ်းမဖက် စစ်တပ်အာဏာကို ဖီဆန်နေတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကို အကြမ်းဖက် သတ်ဖြတ်မှုတွေ၊ နေအိမ်တွေထဲ အတင်းဝင်ရောက် လုယက် ဖျက်ဆီးမှုတွေ ကျူးလွန်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအချိန်မျိုးမှာ ပြည်သူတွေရဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တွေ အတွက် အကာအကွယ်ပေးဖို့ လိုအပ်နေတာကြောင့် ဒီကြေညာချက်ကို ထုတ်ပြန်ကြောင်းလည်း ပြောပါတယ်။

CRPH က ခန့်အပ်လိုက်တဲ့ ခေတ္တ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ပြည်သူတွေရဲ့ ကာကွယ်ခုခံပိုင်ခွင့်နဲ့ ပတ်သက်ပြီး စနေနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တဲ့နောက် တနင်္ဂနွေနေ့မှာ CRPH က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

CRPH က အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ စီမံအုပ်ချုပ်ရေးကောင်စီဟာ တရားမဝင်ကြောင်း ကြေညာခဲ့သလို အကြမ်းဖက်အုပ်စုအဖြစ်လည်း သတ်မှတ်ထားတာပါ။

CRPH ရဲ့ အခုထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဘက်က တစုံတရာ တုံ့ုပြန်တာ မရှိသေးပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/self-defence-crph/5814530.html

ဥပဒေနှင့်အညီ ခုခံကာကွယ်ခြင်းသည် ပြစ်မှုမမြောက် - CRPH ဥပဒေနှင့်အညီ ခုခံကာကွယ်ခြင်းသည် ပြစ်မှုမမြောက် - CRPH Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.