ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ၂ ဦးသာ ပါဝါရ

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ ဦးဝင်းမြင့်

စစ်ကောင်စီဘက်ကနေ တရားစွဲဆိုတာခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အမှုတွေအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ အထက်တန်းရှေ့နေ ဦးယုယချစ်တို့ ၂ ဦး ပါဝါရသွားပြီလို့သိရပါတယ်။

"ပါဝါတင်တာ ရှေ့နေ ၆ ဦးမှာ ၂ ဦးပဲရတယ်။ ဆရာဦးခင်မောင်ဇော်မရပေမယ့် သူ့ညွှန်ကြားချက်အတိုင်း အဖွဲ့နဲ့ လုပ်ဆောင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ ခွင့်ပြုလက်မှတ်တော့ရပြီ။ သူတို့ဘက်က ဘယ်သူတွေက ခွင့်ပြုပေးတာလည်းတော့ မသိရဘူး။ ကျွန်မတို့ဘက်ကတော့ ဥပဒေအရ တရားခွင်ထဲမှာ တောင်းဆိုလို့ရတာ အကုန်လုပ်သွားမယ်။ " လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ပါဝါရကြောင်းလက်မှတ်ကို ဒီနေ့ မတ်လ ၂၅ရက် မနက် ၉ နာရီကျော်မှာ အမှတ် ၁ ရဲစခန်းက ရဲမှူးကြီးကတဆင့်ထုတ်ပေးတာပါ။ ဒ့ါပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်အတွက်ပါ ပါဝါရခဲ့တယ်လို့ဆိုပါတယ်။

ဒေါက်တာမျိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ မှာ ရာဇဝတ်ကြီးအမှု အမှတ်တစ်ခုတည်းနဲ့အတူ စွပ်စွဲခံထားရသူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပုဒ်မနဲ့တင်သာမက သွင်းကုန်ပို့ကုန်ပုဒ်မ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ အပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မတစ်ခုနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တရားစွဲခံထားရတာဖြစ်ပါတယ်။

ဦးဝင်းမြင့်ကတော့ ပုဒ်မ ၅၀၅ ခ အပြင် သဘာဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မတွေနဲ့စွပ်စွဲခံထားရပါတယ်။

အခုလက်ရှိ ရှေ့နေတွေ ပါဝါရတဲ့အမှုတွေက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ စွပ်စွဲခံရတဲ့အမှုတွေအတွက်ဖြစ်ပြီး ရန်ကုန်က အမှုအတွက်ကတော့ ရှေ့နေပါဝါရဖို့ လျှောက်ထားတုန်းလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အမှု ရုံးချိန်းကို ဧပြီလ ၁ရက်မှာ စစ်ဆေးဖို့ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ၂ ဦးသာ ပါဝါရ  ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ၂ ဦးသာ ပါဝါရ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.