နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်

ကလေးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းမြင်ကွင်း။ (ဓာတ်ပုံ - CJ- မတ် ၂၅၊ ၂၀၂၁)

မြန်မာနိုင်ငံအနှံ့မြို့တွေမှာ မနေ့ ဗုဒ္ဓဟူးနေ့က အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြပေမဲ့ ဒီကနေ့တော့ လမ်းမပေါ်ချီတက်ဆန္ဒပြတာတွေ ပြန်လုပ်လာကြပါတယ်။ ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပဲခူး၊ ထားဝယ်၊ ပြင်ဦးလွင်၊ ကသာစတဲ့မြို့တွေမှာ လူထောင်ချီပါဝင်တဲ့သပိတ်တွေ၊ အရုဏ်ဦးသပိတ်တွေအပြင် ဆိုင်ကယ်သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့က အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားသူ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြသံတွေဖြစ်ပါတယ်။ အလားတူ လမ်းလေ ျှာက် ချီတက်ဆန္ဒပြသူတွေလည်း အများအပြားရှိပါတယ်။

"စစ်အာဏာရှင် ကျဆုံးရေး... ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင် ကျဆုံးရေး... ဒို့အရေး ဒို့အရေး။"

တောင်ကြီးက ဆန္ဒပြပွဲမှာတော့ စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ အမျိုးသား ၂ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ မိုးညှင်းမြို့နယ်မှာလည်း တစ်ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဘားအံမှာလည်း မနက်ပိုင်း ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းလို့ ၃ ဦးထက် မနည်းဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကိုပြောပါတယ်။ မော်လမြိုင်မှာတော့ လူ ၂၀ ကျော် ဖမ်းဆီးခံရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာလည်း ၃ ဦး သေနတ်ဒဏ်ရာရခဲ့ပြီးတော့ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။

ကလေးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းမြင်ကွင်း။

မနေ့ညကလည်း ကျောက်ပန်းတောင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်က နေ့ရော၊ ညပါ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးဒဏ်ရာရတာတွေ ရှိနေပမဲ့ မြို့အတော်များများမှာတော့ ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ အရှိန်မပျက်ဆက်ရှိနေဆဲပါ။

ရန်ကုန်မြို့မှာဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေ မိုးမလင်းခင်ကတည်းက လမ်းမတွေပေါ် ပြန်ရောက်လာခဲ့ပါတယ်။

လှိုင်၊ အင်းစိန်၊ မရမ်းကုန်း၊ ၊ သန်လျင်၊ တောင်ဥက္ကလာ၊ တာမွေစတဲ့ မြို့နယ်တွေမှာ အရုဏ်ဦး သပိတ်တွေကို နေရာအနှံ့ဆင်နွှဲခဲ့ကြပြီးတော့ မြောက်ဒဂုံ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ လမ်းလျှောက်ချီတက်ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲကဖြိုခွင်းလို့ သင်္ဃန်းကျွန်း သုဝဏ္ဏမှာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိထားပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သင်္ဃန်းကျွန်း လမ်းမပေါ်က အတားအဆီးလုပ်ထားတဲ့ တာယာတွေ မီးလောင်နေတာလည်းတွေ့ရပါတယ်။ ရန်ကုန်မြို့ထဲ မြို့နယ်အတော်များများမှာ လမ်းပေါ်ထွက် ချီတက်ကြတဲ့ လမ်းလျှောက်သပိတ်တွေအပြင် လူမဲ့သပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာသားချိတ်ဆွဲထားတဲ့ မိုးပျံပူဖေါင်းသပိတ်တွေနဲ့ ပုံစံမျိုးစုံဆင်နွှဲခဲ့ကြပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-protest/5828182.html

နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ် နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ် Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.