မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု

မတ်လ ၃ ရက်နေ့က မန္တလေးမြို့ရှိ လမ်းမပေါ်တွင် တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီအစည်းအဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သတင်းသမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကမ႓ာအရပ်ရပ်က လူ့အခွင့်အရေးအခြေအနေတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်းတခုဖြစ်ခဲ့ပါတယ်။

အဆိုမူကြမ်းတင်သွင်းတဲ့ EU ဥရောပသမဂ္ဂရဲ့ ကုလကိုယ်စားလှယ်က မြန်မာ့လူ့အခွင့်အရေးအခြေအနေအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ခုလိုတင်ပြခဲ့ပါတယ်။

“ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူထားတဲ့အပေါ် အီးယူက အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်။ ဒီမိုကရေစီရေး ကာကွယ်နေကြတဲ့မြန်မာပြည်သူတွေနဲ့လည်း အတူရပ်တည်နေပါတယ်။ စိုးရိမ်စရာကောင်းလောက်အောင် လူတွေသတ်ဖြတ်ခံနေရတာ၊ အကြမ်းဖက်နှိပ်စက်ခံရတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဆန္ဒပြပြည်သူတွေကို ခုလိုသတ်ဖြတ်နေတာ၊ မဆင်မခြင်ဖမ်းဆီးထိန်းသိမ်းနေတာနဲ့ နှိပ်စက်ညှဉ်းပန်းနေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း စိုးရိမ်ကြောင်းရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်။ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်ဖို့ကြဖို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကရော၊ အာဆီယံအဖွဲ့ကပါ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဖိနှိပ်မှုတွေ တိုးလုပ်လာနေတဲ့ မြန်မာစစ်ဘက်တပ်ဖွဲ့က သူတို့လုပ်ရပ်အတွက်တာဝန်ခံမှု ရှိစေရပါမယ်။ အခြေခံလူ့အခွင့်အရေးအရ လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အင်အားသုံးနှိမ်နင်းတာတွေရပ်ရပါမယ်။ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတွေရော စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတာတွေကိုပါရပ်ပြီး အရပ်သားအစိုးရကို ပြန်လည်အာဏာအပ်နှင်းရပါမယ်။ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။"

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာ၊ သတင်းမီဒီယာတွေကို ပိတ်ဆို့ကန့်သတ်တာ၊ အင်တာနက်ဖြတ်တောက်တာ စတဲ့ လွတ်လပ်ခွင့်တွေ ထိပါးတဲ့ကိစ္စတွေအပေါ်မှာလည်း အလွန်တရာစိုးရိမ်ကြောင်း ဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြပါရှိပါတယ်။ ဒီ ဆုံးဖြတ်ချက်မူကြမ်းကို အီးယူ ဥရောပသမဂ္ဂက အဆိုပြု တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်ုမာဘက်က နိုင်ငံခြားရေးဌာနအရာရှိတဦးက နေပြည်တော်ကနေ အွန်လိုင်းကတဆင့် ဒီအစည်းအဝေးမှာ ဆွေးနွေးပါတယ်။ ဥရောပသမဂ္ဂက တင်ပြချက်တွေဟာ အချက်အလက်ခိုင်လုံမှုမရှိသလို မှန်ကန်မှုလည်းမရှိတဲ့ တဘက်သတ်တင်ပြချက်တွေသာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ကဖြစ်ရပ်ကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာကတုံ့ပြန်ပုံတွေက မြန်မာ့ပြည်တွင်းရေးတင်းမာမှုတွေ တိုးလာတာမျိုးဖြစ်မလာအောင် ရှောင်ရှားသင့်ပါတယ်။ အစိုးရက မြန်မာနိုင်ငံတွင်းနိုင်ငံရေး၊ လူမှုရေး တည်ငြိမ်မှုရှိဖို့ အကြမ်းဖက်နှိမ်နင်းမှုမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ရှားပြီး ဆနပြပွဲတွေကို ထိန်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အီးယူရဲ့ပြောဆိုချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာပြည်သူပြည်သားတွေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းချက်တွေအပေါ် ကြီးမားတဲ့ အဟန့်အတားဖြစ်စေတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကြားဝင်တာမျိုးထက် လေးစားတန်ဖိုးထားတာမျိုးဖြစ်သင့်ပါတယ်။"

မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပယောဂပါပြီး လွတ်လပ်မှု မျှတမှုမရှိဘဲ မခိုင်လုံတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ငြင်းဆိုသွားပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်ထားပြီး ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ICJ နိုင်ငံတကာတရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းတရားရုံးတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့ဆိုတာတွေကိုပါ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံအရေးဟာ စိုးရိမ်စရာကောင်းပေမယ့် ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ တရုတ်ကိုယ်စားလှယ်ပြောပါတယ်။ ဒါပေမဲ့ မဲခွဲဖို့ကို မတိုက်တွန်းခဲ့သလို့ ဒီဆုံးဖြတ်ချက်မူကြမ်း ကန့်ကွက်သလားမေးတဲ့အချိန်မှာလည်း မကန့်ကွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း မြန်မာ့အရေးစိုးရိမ်ကြောင်းဖော်ပြပြီး ကန့်ကွက်မဲမပေးပါဘူး။ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးမှာ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် အတတ်နိုင်ဆုံးကူညီသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။


နန်းလောင်ဝ်/ VOA Burmese

https://burmese.voanews.com/a/unhr-myanmar-resolution/5826663.html

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု Reviewed by THITHTOOLWIN on 07:50 Rating: 5

No comments:

Powered by Blogger.