မတ် ၂၇ ရက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ



စစ်အာဏာသိမ်းပြီးကတည်းက လူအများဆုံး သေဆုံးခဲ့ရပြီးဖြစ်တဲ့နောက်တစ်ရက် ဒီကနေ့ မတ်လ ၂၈ ရက် နေ့မှာလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြ ပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းရုံတင်မက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့သတ် ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို လိုက်လံဖြိုခွင်းနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လူနေရပ်ကွက်တွေထဲအထိ ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ် မှုတွေ ကျုးလွန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရန်ကုန် လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက်က စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သီရိမြိုင် ဘူတာနားမှာဆိုရင်လည်း အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေအပြင် လက်ပစ်ဗုံးပါ အသုံးပြုခဲ့တာ ကြောင့် လူတစ်ယောက် လက်ကောက်ဝတ်ကနေ ပြတ်ထွက်သွားတယ်လို့ မြင်တွေ့ခဲ့သူတစ်ယောက်က ပြောပါတယ်။

သာကေတမြို့နယ်မှာလည်း ရပ်ကွက်တွေထဲအထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက်ပစ်ခတ်တာတွေ ရှိနေပြီး လမ်းတွေပေါ်က အတားအဆီးတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။ တာမွေမြို့နယ်မှာလည်း ဒိုင်းတွေနဲ့ ကာပြီး ခုခံကြတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဆက်တိုက်ဆိုသလို နှိမ်နင်းတာခံနေရတဲ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာလည်း ဒီနေ့ အမျိုးသားတစ်ဦး ခေါင်းကို ကျည်ဆန်ထိမှန်ခဲ့သလို ၁၉ ရပ်ကွက်ထဲက ဘဏ်ဝန်ထမ်း မိန်းကလေးငယ် တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာတော့ မနေ့ည ၁ဝ နာရီကျော်လောက်က မင်းတဲအီကင်းရပ်ကွက်ရုံး မီးလောင်တဲ့နေရာကို ရောက်လာတဲ့ စစ်တပ်က အပြင်ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်သားတွေက ၁၉ လမ်းကနေ ဝင်လာချိန်မှာ ထွက်ကြည့်ခဲ့ကြသူတချို့ ပစ်ခတ်ခံခဲ့ရပြီး၊  ဗိုက်ကို ကျည်ဆန် ထိမှန်ခဲ့တဲ့ တစ်ယောက်ကို တာယာတွေ မီးလောင်နေတဲ့ မီးပုံထဲထည့်ပြီး မီးရှို့သတ်လိုက်ကြတယ်လို့ ကိုယ်တိုင်တွေ့သူ တစ်ယောက်က ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် (၄၂) နှစ်အရွယ် သားသမီး လေးဦးရဲ့ ဖခင် ဦးအေးကို ဖြစ်တယ်လို့လည်း သိရပါ တယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်းစစ်တပ်နဲ့ ရဲတွေရဲ့ လက်ချက်ကြောင့် လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်လောက်က ရတနာပုံ ၅ လမ်းမှာ အရေးပေါ် ဆေးဖက်ဆိုင်ရာ အကူအညီပေးနေတဲ့ မိန်းကလေးတစ်ယောက် ခေါင်းကိုကျည်ထိပြီး သေဆုံးခဲ့သလို၊ အမျိုးသားတစ်ဦးလည်း ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်ကိုကျည်ဆန်ထိမှန်ထားသူ တစ်ယောက်နဲ့ ပါးစပ်ကို ကျည်ဆန်ထိမှန်သူ တစ်ယောက် အပါအဝင် ဒဏ်ရာရသူတချို့ရှိတယ်လို့လည်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်က ဆန္ဒပြလှုပ်ရှားသူတွေကိုလည်း စစ်တပ်နဲ့ရဲက ဒီနေ့မနက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်နှိမ်နင်းမှုတွေကြားမှာပဲ ဆက်လက်ဆန္ဒပြခဲ့ကြတယ် လို့လည်း ဆန္ဒပြသူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မတ်လ ၂၈ ရက် ဒီနေ့အထိ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ အကြမ်း ဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၄ဝဝ ကျော် ရှိသွားပါပြီ။ ဒီနေ့ ထိခိုက်သေဆုံးမှုတွေကို ထပ်မံ အတည်ပြုနိုင်ဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

RFA Burmese



မတ် ၂၇ ရက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ မတ် ၂၇ ရက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ Reviewed by THITHTOOLWIN on 04:29 Rating: 5

No comments:

Powered by Blogger.