‌ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သားဖြစ်သူ မေတ္တာရပ်ခံ

ကိုထိန်လင်း (ခေါ်) Kim (ဝဲ) နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း။ (မတ် ၂၈၊ ၂၀၂၁။ ဓာတ်ပုံ - လန်ဒန်မြို့ မြန်မာသံရုံး)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးနဲ့ မတ်လ ၂၅ ရက်နေ့မှာ တွေ့ဆုံပြီး မေတ္တာရပ်ခံခဲ့ကြောင်း လန်ဒန်မြို့ မြန်မာသံရုံးရဲ့ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ကိုထိန်လင်းက သူ့မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေ အပါအဝင် မိခင်ရဲ့ အခြေအနေကို အလွန်အမင်း စိုးရိမ်ကြောင်း၊ ဒါကြောင့် မိခင်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရရေးအတွက် သံအမတ်ကြီး ဦးကျော်စွာမင်းအနေနဲ့ စီစဉ်ပေးဖို့ ထပ်မံ မေတ္တာရပ်ခံကြောင်း ပြောတယ်လို့ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သားဖြစ်သူရဲ့ စိုးရိမ်သောကရောက်မှုကို နားလည်ကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို သံအမတ်ကြီး ဦးကျော်စွာမင်းက ကိုထိန်လင်းကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သံအမတ်ကြီးအနေနဲ့ ဒီကိစ္စအတွက် နေပြည်တော်ကို စာ ၃ ကြိမ်ပို့ပြီး အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် နောက်တကြိမ် ထပ်မံအကြောင်းကြားပေးမယ်လို့ ပြောကြားခဲ့ကြောင်းလည်း သံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီးရဲ့ လက်ရှိအခြေအနေကို သူ့အနေနဲ့ နားလည် သဘောပေါက်ကြောင်းနဲ့ လန်ဒန်မြို့ မြန်မာသံရုံးရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း ကိုထိန်လင်းက ပြောကြားချက်ကို ကိုးကားပြီးလည်း မြန်မာသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို တာဝန်ရှိသူတွေအနေနဲ့ ဆွေးနွေး အဖြေရှာကြဖို့ သံအမတ်ကြီး ဦးကျော်စွာမင်းက ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ပြောထားဖူးပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/daw-aung-san-suu-kyi-son-request/5831273.html

‌ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သားဖြစ်သူ မေတ္တာရပ်ခံ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သားဖြစ်သူ မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 04:32 Rating: 5

No comments:

Powered by Blogger.