မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး ကောလင်းမြို့နယ်တွင်း ရွာတစ်ရွာက ညသပိတ် / Photo-CJ

မတ်လ ၂၈ ရက် ဒီကနေ့မှာ စစ်တပ်နဲ့ ရဲသတ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးတဲ့သူအနည်းဆုံး (၁၃) ယောက်ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ငါးယောက်၊ ကလေးမြို့မှာ လေးယောက်၊ မန္တလေးတိုင်း မြင်းခြံမြို့မှာ နှစ်ယောက်၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ တစ်ယောက်စီသေဆုံးခဲ့တယ်လို့ RFA က ကနဦး အတည်ပြုနိုင်ပါတယ်။

ဒီကနေ့ သေဆုံးမှုအများဆုံးကတော့ မုံရွာဖြစ်ပါတယ်။

သူနာပြု ဒုတိယနှစ် ကျောင်းသူ မသဉ္ဇာဟိန်း(၁၉ နှစ်)၊ မုံရွာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုအောင်ဆန်းဦး (၁၉ နှစ်) ကိုမင်းသူထွန်း (၂၄ နှစ်)၊ ကိုမိုးစက်အောင်နဲ့ ကျန်တဲ့သေဆုံးသူ တစ်ယောက်ကတော့ ပိုင်ရှင်မပေါ်သေးဘူးလို့ မုံရွာ ဒေသခံတွေကပြောပါတယ်။

သူနာပြုကျောင်းသူ မသဉ္ဇာဟိန်းဟာ ဆန္ဒပြပွဲအတွင်း ဒဏ်ရရတဲ့သူတွေကို လိုက်လံဆေးကုသပေးနေရင်း ပစ်သတ်ခံရတာဖြစ်ပါတယ်။

ဒီနေ့ သေဆုံးသူတွေထဲမှာ ကျန်တဲ့လေးဦးဟာ ရပ်ကွက်ထဲ စစ်တပ်နဲ့ ရဲတွေ မဝင်နိုင်အောင် ရပ်ကွက်လမ်းတွေကို အတားအဆီးတွေ ကာရံနေတဲ့အချိန်မှာ ပစ်သတ်ခံရသူတွေဖြစ်ပြီး အားလုံးဟာ သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရတာလို့ မျက်မြင်တွေကပြောပါတယ်။

ဒီကနေ့ မုံရွာမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မနက် ၁၀ နာရီလောက်ကနေ စတင်ပစ်ခတ်နေတာဖြစ်ပြီး ည ၇ နာရီကျော်အထိ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရတဲ့ လူ ၂၀ နီးပါး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံ မုံရွာဂေဇက်သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ရဲတွေဟာ မုံရွာမြို့ ရပ်ကွက်လမ်းတွေထဲထိ ဝင်ရောက်ပစ်ခတ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ သေဆုံးတဲ့သူ လေးယောက်ရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲက တစ်ယောက်ကတော့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (Women for justice) ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ မအားခူ(၃၇)နှစ်ဖြစ်ပြီး ရင်ဘက်ကို သေနတ်ကျည်ထိမှန်ခဲ့ သေဆုံးသွားတာလို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။

ချင်းတိုင်းရင်းသား လူငယ်တစ်ဦးဖြစ်တဲ့ ဆန်းသဲရာ (၂၀ နှစ်) လည်း ရင်ဘတ်ကို သေနတ်ကျည်ထိမှန်သေဆုံးသွားပါတယ်။

နောက်ထပ်သေဆုံးသူ နှစ်ယောက်ဟာ ကိုသားချစ် (၂၅ နှစ်)နဲ့ ကိုထန်ဟောင်လျန်တို့ဖြစ်တယ်လို့ ချင်းပြည်နယ် အခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။

ဒီကနေ့ကလေးမြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် အပြင်းအထန် သေနတ်ကျည်ဆံမှန် ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာလည်း ဒီကနေ့ ပစ်ခတ်မှုကြောင့် ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ဇာသွယ် (၂၆ နှစ်) ဦးခေါင်းကို ကျည်ထိမှန်သေဆုံးသွားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်က မဇင်မာအောင်(၂၄ နှစ်)လည်း ရင်ဘတ်ကျည်ဆံထိမှန်ပြီး ဒီကနေ့ သေဆုံးသွားပါတယ်။ မြင်းခြံမှာ ဒီကနေ့ သေဆုံးသူ နှစ်ယောက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောဆိုပြီး နောက်တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။

ပဲခူးမှာ မတ်လ ၂၇ ရက်နေ့က ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသား ကိုသဲမောင်မောင် (၂၂)နှစ်လည်း ဒီနေ့ သေဆုံးသွားပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခံရလို့ သေဆုံးတဲ့သူ ၄၀၀ ကျော်ရှိသွားပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/death-march-28-myanmar-military-coup-03282021105712.html

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 04:27 Rating: 5

No comments:

Powered by Blogger.