မြေပေါ်တစ်လှည့် ရေပေါ်တစ်ခါ ဆန့်ကျင်ဆန္ဒပြတဲ့ မြို့လေးတစ်မြို့


ဧရာဝတီတိုင်းက တစ်ခြားမြို့တွေလိုပဲ ဝါးခယ်မမှာ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ဖြစ်နေဆဲပါ။

သူတို့မြို့မှာ နောက်ဆုံးအကြိမ် ရိုက်နှက်ပစ်ခတ်ဖြိုခွဲခံခဲ့ရတာက မတ်လ ၂၂ ရက်နေ့ကဖြစ်ပြီး ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာလည်း အဲဒီမြို့ကျဉ်းကျဉ်းလေးထဲက ရပ်ကွက်တစ်ချို့မှာ လူငယ်လေးတွေရဲ့ ဆန္ဒပြဟစ်ကြွေးသံတွေ ပေါ်ပေါ်လာနေဆဲပဲလို့ မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

"ဒီမြို့မှာ ဆန္ဒပြသူ တစ်ယောက်မှ မမြင်ချင်ဘူး"

မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်၊ မြို့တွင်းက မြစ်ကူးတံတား အောက်ဘက်နားမှာ ကျောင်းဆရာ၊ ဆရာမတွေ အပါအဝင် ဆန္ဒပြမယ့်လူတွေ စပြီး စုဝေးနေတုန်း ရဲတပ်ဖွဲ့က ရိုက်နှက်ပစ်ခတ်ခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးမှာ ကျဆုံးခဲ့ကြတဲ့ သူတွေအတွက် အောက်မေ့ဂုဏ်ပြုကြဖို့ အတွက် ဘုရားလမ်းထိပ်မှာ ရှိတဲ့ လွတ်လပ်ရေး ကျောက်တိုင်ရှိရာဘက်ကို သွားခွင့်ပေးဖို့ လမ်းကို ပိတ်ထားတဲ့ ရဲတပ်ဖွဲ့ကို ရာနဲ့ချီစုဝေး ရောက်ရှိနေတဲ့ ဆန္ဒပြသူတွေက အဲဒီနေ့မနက်က ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။

ရဲတွေကသွားခွင့်မပေးတဲ့အတွက် တစ်ခြားလမ်းကြောင်းကနေသွားဖို့ လူတွေကနောက်ပြန်လှည့်ချိန်မှာပဲ ရဲတွေက လက်ကိုင်တုတ်တွေနဲ့ ဝင်ရိုက်တာ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

မြိုနယ်ရဲတပ်ဖွဲ့မှူး အေးလွင် ကိုယ်တိုင်က ဖြိုခွဲတာကို ဦးဆောင်ခဲ့ပြီး "ဒီမြို့မှာ ဆန္ဒပြသူ တစ်ယောက်မှ မမြင်ချင်ဘူး" လို့ဆိုတဲ့ သူ့ရဲ့ ကြိမ်းမောင်းသံကို ဆန္ဒပြသူတွေ ကြားလိုက်ကြရပါတယ်။

ဆန္ဒပြသူတွေကို ဒိုင်းကာပေးနေတဲ့သူတွေနဲ့အတူ အတူပါဝင်နေတဲ့ မဂျူးမကို ဆံပင်ဆွဲပြီး လူတွေရှေ့မှာ ပါးရိုက်ကာ ဖမ်းဆီးသွားခဲ့တာလည်း အဲဒီရဲတပ်ဖွဲ့မှူးကိုယ်တိုင်ပါ။

ရုတ်ရုတ်သဲသဲအဖြစ်တွေထဲ ဆန္ဒပြသူ ကိုမျိုးညွန့်အောင် လဲကျသွားစဉ်၊ ရဲတွေက သူ့ခေါင်းကိုရိုက်နှက်ကြသလို၊ သူ့ခြေထောက်တွေကိုလည်း ရိုက်နှက်ခဲ့ကြပါတယ်။ ရိုက်နှက်ဒဏ်ရာတွေကြောင့် ကွဲပြဲနေတဲ့ သူ့ခြေထောက်ကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။


သူနာတင်ကားတစ်ခုပေါ်ကို ရောက်နေတဲ့ ကိုမျိုးညွန့်အောင်က စစ်အာဏာရှင် ဆန့်ကျင်ရေး အမှတ်သင်္ကေတ လက်သုံးချောင်း ထောင်ပြပြီး အာခံနေတာကိုလည်း ဘီဘီစီကို ပို့လာတဲ့ ဓာတ်ပုံတစ်ပုံထဲမှာ တွေ့ရပါတယ်။

ဒီနေ့မတ်လ ၂၅ ရက်နေ့မှာတော့ သူ့ကို ကုသပေးနေရာ ပုသိမ်ဆေးရုံကနေ မြောင်းမြထောင်ကို ရဲတွေက လာရောက်ခေါ်ယူသွားပြီဆိုတဲ့ သတင်းကလည်း မြို့ထဲမှာ ပျံ့နှံ့နေပါတယ်။

အဲဒီနေ့ ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သူ့ကျောနဲ့ နံဘေးတွေမှာ ကိုးလုံးကျည်ဒဏ်ရာတွေ ၆ ချက်ထက် မနည်းရခဲ့သလို၊ ပေါင်မှာ ထိသွားတဲ့ နောက်ထပ်လူငယ် တစ်ယောက်လည်း ရှိပါတယ်။


မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၄၅ စုရှိတဲ့ ဝါးခယ်မမြို့နယ်မှာ လူဦးရေ ၃ သိန်းနီးပါးသာ နေထိုင်ကြတာဖြစ်ပေမဲ့ တစ်နိုင်ငံလုံးအနှံ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နှစ်ငါးလုံး သပိတ်နေ့က ဝါးခယ်မြို့က လမ်းတွေပေါ်ကို လူတွေ သောင်းပေါင်းများစွာရောက်လာခဲ့ကြတယ်လို့ မြို့ခံက ပြောပါတယ်။

အဲဒီနေ့ကစလို့ စစ်ကောင်စီ တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာတွေ စခဲ့တာလည်းဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ မှာလည်း မြို့ပေါ်မှာ ဆန္ဒပြသူအများအပြားရှိခဲ့ပြီး ပစ်ခတ်တာတွေက ကြမ်းခဲ့ပါတယ်။

အာဏာသိမ်းမှုအစပိုင်းရက်တွေမှာပဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ဦးစီးမှူးတို့ကို စစ်တပ်ဝင်းထဲ ဖမ်းခေါ် ထည့်သွားခဲ့ပါတယ်၊ နောက်ပိုင်းမှာ သူတို့ပြန်လွတ်လာပေမယ့် လုံခြုံရေးကြောင့် မြို့မှာမနေတော့ဘဲ တိမ်းရှောင် သွားခဲ့ကြရပါတယ်။

မြို့တစ်ဖက် တံတားထိပ်နားမှာ စစ်တပ်၊ မြို့အနောက်ပိုင်း တစ်ခြားတစ်ဖက်မှာ ရဲတပ်ဖွဲ့ဌာနချုပ်တို့ နှစ်ဖက်ကြားမှာရှိနေတဲ့ မြို့လေးမှာ ဆန္ဒပြပွဲတွေ ကျင်းပရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

မြေပေါ်ဖိရင် ရေပေါ်က ထကြွမယ်

ကုန်းမြေပေါ်က မြို့ထဲလမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေကို ဖိနှိပ်ဖြိုခွဲရင်၊ မြို့ဘေးက မြစ်ထဲမှာ လှေ၊ သင်္ဘောတွေနဲ့ အလံထောင်ကာ ဆန္ဒပြနေကြတာတွေကိုလည်း မတ်လအတွင်းက တင်တဲ့ လူမှုမီဒီယာ ပိုစ့်တွေမှာ ဝါးခယ်မ သပိတ်ရဲ့ ပုံရိပ်တွေကို တွေ့ကြရပါတယ်။


မြစ်ထဲကို ရဲတပ်ဖွဲ့က ပဲ့ထောင်နဲ့ ဆင်းပြီး လက်နက်နဲ့ပစ်ခတ် ဖြိုခွင်းပြန်ရင်လည်း နောက်ပိုင်းမှာ လမ်းတွေပေါ် သူတို့ပြန်တက် ကြပြန် ပါတယ်။

အခုထက်ထိတော့ ကံကောင်းလှစွာပဲ ဝါးခယ်မမှာ ပစ်ခတ်မှုကြောင့် လူသေဆုံးရတာ မရှိသေးပါဘူး။

ဒါ့အပြင် မြို့မှာ ရုံးဖွင့်နိုင်သေးတဲ့ အစိုးရဌာန ဆိုလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တစ်ချို့ ရုံးဌာနတွေ သာရှိတယ်လို့ သိရပါတယ်။ ဒါတောင် ထွေအုပ်ဝန်ထမ်းတစ်ချို့က စီဒီအမ် ထားကြတယ်လို့လည်း မြို့ခံကဆိုပါတယ်။

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ပါဝင်မှုကတော့ ဒီမြို့လေးမှာ အင်နဲ့အားနဲ့ ပါတဲ့။ 


BBC Burmese

https://www.bbc.com/burmese/burma-56513279

မြေပေါ်တစ်လှည့် ရေပေါ်တစ်ခါ ဆန့်ကျင်ဆန္ဒပြတဲ့ မြို့လေးတစ်မြို့ မြေပေါ်တစ်လှည့် ရေပေါ်တစ်ခါ ဆန့်ကျင်ဆန္ဒပြတဲ့ မြို့လေးတစ်မြို့ Reviewed by THITHTOOLWIN on 05:30 Rating: 5

No comments:

Powered by Blogger.