ဦးပိုင်နဲ့ MEC ကိုအမေရိကန်နဲ့ဗြိတိန်တို့က အရေးယူ

ဦးပိုင်ရဲ့ MEC ထွက်ကုန်တွေကို လူအများကသပိတ်မှောက်နေကြ

မြန်မာစစ်တပ်ပိုင် ကုမ္ပဏီကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL ကို အမေရိကန်နဲ့ ဗြိတိန်တို့က ပိတ်ဆို့ အရေးယူကြောင်း မတ်လ ၂၅ ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမေရိကန်က ဦးပိုင်ကို ပိတ်ဆို့အရေးယူကြောင်းကြေညာပြီးနောက်မှာ ဗြိတိန်ကလည်း အမေရိကန်နဲ့ အတူသူတို့ကလည်း ဦးပိုင်ကိုပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

ဗြိတိန်ရဲ့ ကြေညာချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်က သူတို့အနေနဲ့ နောက်ထပ် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက် MEC ကိုလည်း အရေးယူကြောင်း ထပ်မံကြေညာခဲ့ပါတယ်။

လက်ရှိအနေအထားမှာ အမေရိကန်က ဦးပိုင်နဲ့ MEC ကိုအရေးယူထားပြီး ဗြိတိန်ကတော့ ဦးပိုင်ကိုပဲ အရေးယူထားသေးတဲ့ အခြေအနေဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ရာမှာ ဦးပိုင်ကငွေကြေးထောက်ပံ့ခဲ့တယ်လို့ဗြိတိန်ကဆို

စစ်တပ်ပိုင်ကုမ္ပဏီကြီးနှစ်ခုဟာ မြန်မာ့စီးပွားရေးရဲ့ အထူးအခွင့်အရေးတွေကို ရယူစိုးမိုးထားတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပြီး ကုန်သွယ်ရေး၊ သဘာဝသယံဇာတထုတ်လုပ်ရေး၊ အရက်ဘီယာထုတ်လုပ်ရေး၊ စီးကရက်ထုတ်လုပ်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အခုပိတ်ဆို့အရေးယူမှုဟာ မြန်မာပြည်သူတွေအပေါ်ပစ်မှတ်ထားတာ မဟုတ်ဘဲ မြန်မာစစ်အာဏာပိုင်တွေရဲ့ စီးပွားရေး အရင်းအမြစ်တွေကို အထူးပစ်မှတ်ထားအရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူတွေကို နှိမ်နင်းဖိနှိပ်တဲ့ လုပ်ရပ်တွေ အတွက် တာဝန်ရှိသူဖြစ်တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးက ဆိုပါတယ်။

MEC ကိုလည်း ပိတ်ဆို့အရေးယူကြောင်းအမေရိကန်က ထပ်မံကြေညာ

အမေရိကန်အစိုးရဟာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ကို အာဏာပြန်အပ်ဖို့ တိုက်တွန်းကြောင်း နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်ချုပ်ရေးရုံးရဲ့ ညွှန်ကြားရေးမှူး အန်ဒရေဂတ်ကီက ဆိုပါတယ်။

ဦးပိုင်နဲ့ MEC တို့ဟာ စစ်အစိုးရရဲ့ ဘဏ္ဍာရေးအသက်သွေးကြောမကြီးဖြစ်တဲ့အတွက် အခုလို ထိန်းချုပ်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရပ်ဘ် ကတော့ “ဦးပိုင်ကုမ္ပဏီဟာ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆောင်ရွက်ရာမှာ စစ်တပ်ထိပ်သီးပုဂ္ဂိုလ်များနဲ့ ဆက်စပ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် အခုလို စီးပွားရေးပိတ်ဆို့ရတာ ဖြစ်တယ်”လို့ ဆိုပါတယ်။

ဦးပိုင်ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေကို မြန်မာ့တပ်မတော်က လူမျိုးရှင်းလင်းရေးလုပ်ဆောင်တဲ့ ဖြစ်စဥ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဘဏ္ဍာရေးထာက်ပံ့မှုတွေလုပ်ခဲ့ကြောင်း၊ အဲဒီဘဏ္ဍာငွေတွေဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်ထောက်စစ်အရာရှိတွေက ကျူးလွန်ရာမှာ သုံးစွဲခဲ့ဖွယ်ရှိတယ်လို့ ကျိုးကြောင်းဆက်စပ်ယူဆနိုင်တဲ့အတွက် အခုလိုတုံ့ပြန်အရေးယူတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့အရေးယူမှုဟာ အရပ်သားတွေအပေါ်ဖိနှိပ်နေတဲ့ စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေမှာ အသုံးပြုစီးဆင်းနေတဲ့ ဘဏ္ဍာငွေဆုတ်ယုတ်သွားအောင် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်လို့ ဒိုမိနစ်ရပ်ဘ်က ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56529912

ဦးပိုင်နဲ့ MEC ကိုအမေရိကန်နဲ့ဗြိတိန်တို့က အရေးယူ  ဦးပိုင်နဲ့ MEC ကိုအမေရိကန်နဲ့ဗြိတိန်တို့က အရေးယူ Reviewed by THITHTOOLWIN on 05:27 Rating: 5

No comments:

Powered by Blogger.