အကြမ်းဖက်နှိမ်နင်းမှု ရပ်တန့်ဖို့ အင်ဒို နဲ့ စင်္ကာပူ တိုက်တွန်း

စင်္ကာပူ နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာတွေကို ရပ်ဖို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အကျပ်အတည်းတွေ အပေါ်မှာ စိုးရိမ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ၂ ဦးစလုံးက ပြောဆိုခဲ့ကြတာပါ။

“မြန်မာနိုင်ငံက လက်ရှိအခြေအနေအပေါ် စိုးရိမ်တဲ့ သဘောထား အမြင်တွေကို ဖလှယ်ခဲ့ကြသလို၊ နောက်ထပ် ထိခိုက်သေကျေမှုတွေ မဖြစ်အောင် အင်အားသုံးနှိမ်နင်းတာတွေ ရပ်ဖို့ တောင်းဆိုကြဖို့လည်း အတူတကွ လက်ခံခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ ပြန်လည်ရရှိအောင် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့လည်း တိုက်တွန်းပါတယ်။” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုသွားတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျာကာတာမြို့တော်မှာ တွေ့ဆုံခဲ့တဲ့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးကလည်း မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အနေနဲ့ ကူညီဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့တာပါ။

“ပြည်ပက ကြားဝင်စွက်ဖက်တာတွေ မလုပ်သင့်ဘူးလို့ အင်ဒိုနီးရှားနဲ့ စင်္ကာပူ ၂ နိုင်ငံစလုံးက ယုံကြည်ထားပါတယ်။ ဒါပေမဲ့လည်း အာဆီယံအသင်းအနေနဲ့ တတ်နိုင်သမျှ ကူညီဖို့လည်း အသင့်ရှိနေပါတယ်။” လို့ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံအသင်းက အရေးပေါ် အစည်းအဝေးခေါ်ဖို့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားပြီး၊ မလေးရှားနိုင်ငံကလည်း ထောက်ခံထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/singapore-and-indonesia-fm-on-myanmar-situation-to-stop-violence-crack-down-/5828582.html

အကြမ်းဖက်နှိမ်နင်းမှု ရပ်တန့်ဖို့ အင်ဒို နဲ့ စင်္ကာပူ တိုက်တွန်း အကြမ်းဖက်နှိမ်နင်းမှု ရပ်တန့်ဖို့ အင်ဒို နဲ့ စင်္ကာပူ တိုက်တွန်း Reviewed by THITHTOOLWIN on 05:33 Rating: 5

No comments:

Powered by Blogger.