ပြည်သူ့ဆန္ဒအလေးထားဖို့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှားအစိုးရ ပြောကြား



မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီးတဲ့နောက်၊ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့၊ မြန်မာစစ်ကောင်စီရဲ့ တစ်နှစ်အကြာ ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံက ပယ်ချလိုက်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း လက်ရှိရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း၊ ကုလသမဂ္ဂနဲ့အတူ ရပ်တည်ကြောင်းလည်း ပြေကြားလိုက်ပါတယ်။ မြန်မာစစ်တပ်၊ ရွေးကောက်ခံ နိုင်ငံရေး ပါတီတွေနဲ့ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက မနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

ဒါ့ပြင် မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ခေတ္တခဏ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ - နိုင်ငံခြားရေး ဝန်ကြီး မာဆူဒီ က - အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် စိုးရိမ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ်စည်းစိမ်က ပထမဦးစားပေး ဖြစ်ကြောင်း၊ ဒါကြောင့်အကြမ်းဖက်တာတွေ၊ သွေးမြေကျရတာတွေ၊ အသက်ဆုံးရှုံးရတာတွေ မပေါ်ပေါက်အောင် တားဆီးရမှာဖြစ်ကြောင်း၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လို ကြောင်း၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရမှာဖြစ်ကြောင်း၊ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အင်ဒိုနီးရှားအနေနဲ့ နိုင်ငံတွေကြား က ပြဿနာတွေကို အခင်အမင်မပျက် ဖြေရှင်းကြဖို့ အစောပိုင်း ကတည်းက တိုက်တွန်းထားခဲ့တာ ဖြစ် ပြီး၊ မြန်မာနိုင်ငံ ပြဿနာမှာလည်း ဒီမိုကရေစီ နည်းကျ လမ်းကြောင်း တွေ ကနေ တဆင့် သာ ဖြေရှင်းဖို့ ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့အနေနဲ့ ရပ်တည်ချက် အပြောင်းအလဲ မရှိကြောင်းလည်း ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ...

"အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒေသဆိုင်ရာအဆင့် အဖြေရှာရေးအတွက် မြန်မာပြည်ကို သွားရောက်နိုင်တဲ့အနေအထား ရှိနေဆဲဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာပြည်ရဲ့ အခြေနေကို ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ မြန်မာပြည်က လက်ရှိအခြေအနေတွေကို တခြား အာဆီယံနိုင်ငံတွေ နဲ့ တိုင်ပင်ပြီး အခုအချိန်မှာ မြန်မာပြည်ကိုသွားဖို့ မသင့်တော်သေးဘူးလို့ ယူဆပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအားလုံး နဲ့ ဆက်သွယ်ပြီး ကူညီဖြေရှင်းပေးဖို့ ကတိပြုပါတယ်" လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကောင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ မနေ့က တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် Indianapolis မြို့က မြန်မာ့အရေး လေ့လာသူ ဒေါက်တာတင့်ဆွေက အခုလို သုံးသပ်ပါတယ်။

"စစ်ကောင်စီရဲ့ ရွေဒကာက်ပွဲအသစ် လုပ်ပါ့မယ်ဆိုတဲ့ ပြောဆိုချက်ကို ခိုင်မာအောင်လုပ်ဖို့အရေးကို မြန်မာနိုင်ငံက ပြည်သူလူထုရဲ့အသံအရ ဆက်ပြောကြလိမ့်မယ်လို့ ကျနော်မထင်ဘူး။ သူတို့လုပ်နိုင်တာကတော့ ၁ နှစ်ပြီးရင် ဒီစစ်အာဏာသိမ်းကောင်စီ သက်တမ်း ပြီးရမယ်လို့ အာဆီယံက ဆုပ်ကိုင်ကောင်း ဆုပ်ကိုင်နိုင်လိမ့်ပါမယ်။ နောက်တချက်က နောက်ထပ် သေကြေမှု ဖမ်းဆီးမှု အကြမ်းဖက်မှုတွေနှိမ်နှင်းမှုတွေ မလုပ်အောင်လဲ အာဆီယံက ဖိအားပေးကောင်း ပေးနိုင်ပါတယ်။ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းထားတဲ့သူတွေ လွတ်မြောက်ရေးလဲ ဖိအား ပေးကောင်း ပေးနိုင်ပါတယ်။"

မြန်မာနိုင်ငံအတွင်း သွေးမြေကျမှုတွေ ပေါ်ပေါက်မလာအောင် တားဆီးရေးနဲ့ မြန်မာစစ်တပ်ကိုလည်း ရွေးကောက်ပွဲအသစ် ကျင်းပရာမှာ ပါဝင်ကူညီဖို့၊ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့အတွက် အစီအစဉ်တရပ် ဆောင်ရွက်ဖို့လည်း အရှေ့တောင်အာရှနိုင်ငံတွေကို အင်ဒိုနီးရှားက တွန်းအားပေးခဲ့ပါတယ်။

ဒါ့ပြင် မြန်မာ စစ်အစိုးရနဲ့ ဆန္ဒပြလူထုတွေကြား ဆွေးနွေးနိုင်ရေး အစီအစဉ်တရပ် ရှိနေ‌ပြီ ဆိုတဲ့ ရိုက်တာသတင်းရဲ့ ဖော်ပြချက်ဟာ မှားယွင်းကြောင်း၊ အခုထိ မရှိသေးကြောင်း၊ အဲဒီလို အစီအစဉ်မျိုးရှိဖို့ လိုအပ်နေတဲ့အတွက် အထူးဆွေးနွေးပွဲတရပ် ခေါ်ယူဖို့ ပြင်ဆင်နေပြီး၊ သဘောထားအမြင်တွေကိုလည်း တောင်းယူကောက်ခံနေကြောင်း၊ ဆွေးနွေးတိုင်ပင်ဆဲအဆင့်မှာသာ ရှိနေသေးကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာဆူဒီ က ပြောဆိုခဲ့ပါတယ်။ မာဆူဒီဟာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီအတောအတွင်းပဲ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လက်မခံကြောင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးရှေ့မှာလည်း မနေ့က ဆန္ဒပြသူတွေက- စစ်အစိုးရရဲ့ ရွေးကောက်ပွဲအသစ် ကျင်းပမယ်ဆိုတဲ့အပေါ် ကန့်ကွက်ခဲ့ကြပြီး မူလရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း ထုတ်ဖော်ကြွေးကြော်ခဲ့ကြပါတယ်။

RFA Burmese



ပြည်သူ့ဆန္ဒအလေးထားဖို့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှားအစိုးရ ပြောကြား ပြည်သူ့ဆန္ဒအလေးထားဖို့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှားအစိုးရ ပြောကြား Reviewed by THITHTOOLWIN on 08:07 Rating: 5

No comments:

Powered by Blogger.