မြန်မာအပ်နှံငွေကိစ္စ စင်္ကာပူထုတ်ပြန်ချက် ပြည့်စုံမှုမရှိ


စင်္ကာပူနိုင်ငံက ဘဏ်သုံးခုမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က အပ်နှံထားတဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ဘီလျံနဲ့ချီ ပြီး ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စင်္ကာပူအစိုးရရဲ့ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့ (MAS) က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ စင်္ကာပူနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေထဲမှာ မြန်မာနိုင်ငံက “ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ” ပိုင်ဆိုင်တဲ့ ငွေကြေးပမာဏ အမြောက်အမြားရှိနေတာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။ ဒီ ကြေညာချက်ဟာ ပြည့်စုံမှု မရှိဘဲ သတင်းရဲ့ အဓိကအချက်ကို အတည်ပြုထားခြင်း မရှိဘူးလို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ထောက်ပြဝေဖန်ကြပါတယ်။

စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ MAS အနေနဲ့ စင်္ကာပူနိုင်ငံက ဘဏ္ဍာရေးလုပ်ငန်းတွေကို အနီးကပ်စောင့်ကြည့်နေပြီး၊ စင်္ကာပူနိုင်ငံက ဘဏ္ဍာရေး လုပ်ငန်းအားလုံးဟာလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဖော်ဆောင်ထားတဲ့ စင်္ကာပူနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီး၊ တရားမဝင်လုပ်ငန်းတွေအတွက် ငွေကြေး ထုတ်ယူစီးဆင်းမှုတွေ မဖြစ်လာအောင် ကာကွယ်တားဆီးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ဒီကြေညာချက်ထဲမှာပါတဲ့ မြန်မာနိုင်ငံက “ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ” ဆိုတဲ့ အသုံးအနှုန်းထဲမှာ အကျုံးမဝင်ကြောင်း၊ ပင်မ အကြောင်းအရာဖြစ်တဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ အပ်နှံထားတဲ့ နိုင်ငံခြားအရန်ငွေတွေ စင်္ကာပူနိုင်ငံက ဘဏ်တွေထဲမှာ ရှိမရှိ ဆိုတဲ့ မေးခွန်းနဲ့ ဒီဘဏ္ဍာငွေတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းတွေကို ဒီကြေညာချက်က တိတိကျကျဖြေကြားထားတာ မရှိဘူးလို ကျွမ်းကျင်သူတစ်ဦးက RFA ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီစင်္ကာပူအစိုးရရဲ့ ကြေညာချက်နဲ့ ပက်သက်ပြီး South China Morning Post သတင်းစာမှာ ရေးသားဖော်ပြချက်အရ စင်္ကာပူ နိုင်ငံက ဘဏ်သုံးခုမှာ မြန်မာနိုင်ငံဗဟိုဘဏ်က နိုင်ငံခြား အရန်ငွေကြေးတွေ အပ်နှံထားကြောင်း RFA မြန်မာပိုင်းက ရေးသားဖော်ပြတဲ့ သတင်းကို ကိုးကားပြီး၊ Justice for Myanmar အဖွဲ့ကနေ ဒီပြည်သူပိုင် ဘဏ္ဍာငွေတွေကို အာဏာသိမ်း စစ်အစိုးရကနေ ထုတ်ယူ လို့မရအောင် စင်္ကာပူအစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့နောက်မှာ အဲဒီ ကြေညာချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စင်္ကာပူနိုင်ငံဟာ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံး လုပ်ထားတဲ့ နိုင်ငံဖြစ်ပြီး၊ စင်္ကာပူအစိုးရဟာ ယခင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးစပ်မှုရှိတဲ့အတွက် စစ်အစိုးရ ဆန့်ကျင်သူတွေက ဝေဖန်တာကို ရင်ဆိုင်နေရကြောင်းနဲ့ အခု စင်္ကာပူ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ဟာ မြန်မာနိုင်ငံက နိုင်ငံခြားအရန်ငွေတွေ စင်္ကာပူဘဏ်တွေမှာ ရှိမရှိကို တိုက်ရိုက် ဖြေကြားထားခြင်း မရှိကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/singapore-bank-and-myanmar-military-coup-02242021165306.html


မြန်မာအပ်နှံငွေကိစ္စ စင်္ကာပူထုတ်ပြန်ချက် ပြည့်စုံမှုမရှိ  မြန်မာအပ်နှံငွေကိစ္စ စင်္ကာပူထုတ်ပြန်ချက် ပြည့်စုံမှုမရှိ Reviewed by THITHTOOLWIN on 08:04 Rating: 5

No comments:

Powered by Blogger.