ပြည်ပရောက်ပြန်မာတွေ ဌာနေပြန်ပို့မှု ရပ်ဆိုင်းထားဖို့ ကန်တိုက်တွန်း

ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ကို မလေးရှားအစိုးရက ပြန်ပို့ခဲ့

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတည်မငြိမ်အခြေအနေ ကြုံနေရချိန်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက နေရပ် ပြန်မပို့ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

"ဒေသတွင်းနိုင်ငံတွေ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းထားဖို့ " အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာစစ်တပ်ဟာ ဘာသာမတူသူတွေနဲ့ လူနည်းစုတွေအပေါ် အရင်တုန်းကလည်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့ဖူးတဲ့ အစဉ်အလာရှိတာကြောင့် နေရပ်ပြန်မပို့ခင်မှာ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့သူတွေ ပါမပါဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက စစ်ဆေးခွင့်ရဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ကန့်ကွက်မှုတွေကြားကပဲ မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတွေက မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို ဒီတပတ်ထဲ နေရပ် ပြန်ပို့လိုက်ပြီးနောက် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ တရားရုံးက အမိန့်ချထားတဲ့ကြားက အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော်ကို မလေးရှား အာဏာပိုင်တွေက ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဟာ စိတ်ပျက်စရာ ဖြစ်ရကြောင်းလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ယောက်က ဗုဒ္ဓဟူးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-urge-not-to-deport-foreign-myanmar-/5791621.html

ပြည်ပရောက်ပြန်မာတွေ ဌာနေပြန်ပို့မှု ရပ်ဆိုင်းထားဖို့ ကန်တိုက်တွန်း  ပြည်ပရောက်ပြန်မာတွေ ဌာနေပြန်ပို့မှု ရပ်ဆိုင်းထားဖို့ ကန်တိုက်တွန်း Reviewed by THITHTOOLWIN on 08:10 Rating: 5

No comments:

Powered by Blogger.