လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ


လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ဒဏ်ခတ် အရေးယူသွားမယ်လို့ ယူကေ အစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါ၀င်ခဲ့ကြတဲ့ တပ်မတော် အဖွဲ့၀င် သုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချက်ချင်းရပ်တန့်ခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတွေကို ချမှတ်မယ်လို့ ယူကေအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထု၏ ဘ၀ရှင်သန်ခွင့်၊လွတ်လပ်စွာစုရုံးပိုင်ခွင့်၊ မတရားဖမ်းဆီးခြင်း (သို့မဟုတ်) ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အပါအ၀င် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာ၀န်ရှိသူဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်တဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် တို့ကိုပစ်မှတ်ထား အရေးယူဒဏ်ခတ်မယ်လို့ ဖော်ပြထားပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ယူကေအစိုးရက စာရင်းပြုစုထားသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုပစ်မှတ်ထားအရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည့် မြန်မာတပ်မတော်မှ ၁၆ ဦးအပြင် နောက်ထပ်အရေးယူဒဏ်ခတ်မှုဖြစ်ပါတယ်

စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးခေါင်းဆောင်တွေကို တရားလက်လွတ် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ယူကေအစိုးရက ပြစ်တင်ရှုတ်ချကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ် က ပြောပါတယ်။

ယူကေနိုင်ငံအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူရေးနဲ့ မြန်မာပြည်သူတွေ တရားမျှတမှု ရရေးအတွက် နိုင်ငံတကာ မိတ်ဘက်နိုင်ငံတွေနဲ့ အတူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ  လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်ဗိုလ်ချုပ် ၃ ဦးကို ယူကေ ဒဏ်ခတ်အရေးယူ Reviewed by THITHTOOLWIN on 22:34 Rating: 5

No comments:

Powered by Blogger.