Johnson & Johnson ကိုဗစ်ကာကွယ်ဆေး မကြာခင်ထုတ်နိုင်တော့မည်

Johnson & Johnson ထုတ် COVID-19 ကာကွယ်ဆေးအားပြသထားစဉ် (ဓာတ်ပုံ-AP)

အမေရိကန် ဆေးနဲ့ဆေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ Johnson & Johnson က ကမ္ဘာတလွှား စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့နောက်မှာ COVID-19 ရောဂါကူးစက်မှုအတွက် ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတဲ့ ဆေးကို သူတို့ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

တကြိမ်သာထိုးဖို့ လိုအပ်တဲ့ သူတို့ရဲ့ ကာကွယ်ဆေးကို သူတို့ကုမ္ပဏီပိုင် Belgian အခြေစိုက် Janssen ဆေးကုမ္ပဏီမှာ ထုတ်လုပ်တာ ဖြစ်ပြီး ဒီဆေးဟာ အသည်းအသန်နာမကျန်းဖြစ်မှုကို ၈၅ % အထိ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့အပြင် တောင်အာဖရိက ဗီဇပြောင်း ပိုးသစ်ကိုပါ ခုခံနိုင်စွမ်း ရှိပါတယ်။ ဒီဆေးကို အမေရိကန်ပြည်ထောင်စု၊ တောင်အာဖရိကနဲ့ ဘရာဇီးလ် နိုင်ငံတွေမှာ လူပေါင်း ၄၄,၀၀၀ နဲ့စမ်းသပ်ရာမှာ ဒီဆေးထိုးထားသူ တယောက်မှ သေဆုံးတာမျိုး မရှိဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။

ဒီကာကွယ်ဆေးကို တကြိမ်ထိုးရုံနဲ့ ရောဂါပြင်းထန်မှု သိသိသာ လျော့ကျနိုင်တာနဲ့ ခံနိုင်ရည် ကောာင်းကောင်းရှိတာ တွေ့ရတဲ့အတွက် ဒါဟာ ကမ္ဘာ့လူထုကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုမှာ သိပ်ကို အရေးပါတဲ့ အရာတခု ဖြစ်ကြောင်း Johnson & Johnson က သိပ္ပွံပညာရှင်အကြီးအကဲ Paul Stoffels ကပြောပါတယ်။ ဒါ့အပြင် တကြိမ်သာထိုးဖို့ လိုအပ်တဲ့ ဒီကာကွယ်ဆေးဟာ ဒီကပ်ရောဂါဆိုင်ရာအတွက် အကောင်းဆုံးရွေးချယ်စရာတခု အဖြစ် WHO က စဉ်းစားဖို့ရှိကြောင်းလည်း ပြောပါတယ်။

ဒီကာကွယ်ဆေး အလုံးပေါင်း သန်းတရာ ဝယ်ယူဖို့ အမေရိကန်နိုင်ငံက သဘောတူပြီးဖြစ်သလို နောက်ထပ် အလုံးပေါင်း သန်း ၂၀၀ ထပ်ဝယ်ဖို့ပါ ရှိနေတယ်လို့လည်း ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတည်ပြုပေးခဲ့ပြီး ဖြစ်တဲ့ကာကွယ်ဆေးတွေထဲမှာ Johnson & Johnson က စတုတ္ထမြောက်ဖြစ်ပါတယ်။

သောကြာနေ့အထိဆို ဒီရောဂါအကူးစက်ခံရသူဟာ ကမ္ဘာတလွှားမှာ ၁၀၁ သန်းကျော်နေပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ အမေရိကန်မှာ ကူးစက်သူ ၂၅ သန်းကျော်နဲ့ အများဆုံး ဖြစ်ပြီး အိန္ဒိယက ၁၀ သန်းခွဲကျော်နဲ့ ဒုတိယ အများဆုံး၊ ဘရာဇီးလ်က ကူးစက်သူ ၉ သန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Johnson-covid19-vaccine-janssen-who-/5757652.html

Johnson & Johnson ကိုဗစ်ကာကွယ်ဆေး မကြာခင်ထုတ်နိုင်တော့မည် Johnson & Johnson ကိုဗစ်ကာကွယ်ဆေး မကြာခင်ထုတ်နိုင်တော့မည် Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.