AstraZeneca ကိုဗစ်ကာကွယ်ဆေး ဥရောပတိုက်မှာ အသုံးပြုဖို့ အီးယူခွင့်ပြု

Oxford တက္ကသိုလ်ထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး (ဓာတ်ပုံ-AP)

အီးယူ ဥရောပသမဂ္ဂ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချမှတ်သူတွေက သောကြာနေ့မှာ AstraZeneca Covid 19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ ဒါဟာ ဥရောပဒေသအတွက် တတိယမြောက်အတည်ပြုပေးတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။

အီးယူဟာ ဒေသတွင်း နေထိုင်သူတွေအတွက် ကာကွယ်ဆေးထိုးပေးရေး လုပ်ဆောင်ဖို့ နှေးကွေးနေတယ်လို့ အဝေဖန်ခံနေရတာပါ။ အခုတော့ အသက် ၅၅ နှစ်အထက်တွေအတွက် ဒီဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်တဲ့ အချက်လက် အပြည့်အစုံမရတာကို စိုးရိမ်နေတဲ့ကြားကပဲ ဒီဆေးကို လူကြီးပိုင်းတွေ အတွက်ပါ ထိုးပေးဖို့ EMA ဥရောပဆေးဘက်ဆိုင်ရာအဖွဲ့ ကျွမ်းကျင်သူများကော်မတီက တညီတညွတ်ထဲ အကြံပေးခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်အတွက် ဒီဆေးရဲ့ ထိရောက်မှုဟာ ရာခိုင်နှုန်း ၆၀ လောက် ရှိကြောင်း လူနဲ့ စမ်းသပ်မှုတွေမှာ တွေ့ရတာကြောင့် ဒီဆေးကို အခြေနေအရ ဒါမှမဟုတ် အရေးပေါ်အသုံးပြုခွင့် ချပေးတာဖြစ်ကြောင်း EMA အကြီးအကဲ Emer Cooke က သတင်းထောက်တွေကို ပြောပါတယ်။ အရင်အတည်ပြုပေးခဲ့တဲ့ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေး တွေကတော့ ထိရောက်မှု ရာခိုင်နှုန်း ၉၀ ဝန်းကျင်မှာ ရှိနေတာပါ။

ဒီဆေးဟာ Pfizer-BioNTech ဆေးလို အဆမတန်အေးတဲ့ အနေထားမှာ သိုလှောင်ဖို့မလိုသလို စျေးနှုန်းအားဖြင့်လည်း အတော်သက်သာတဲ့အတွက် အီးယူ ကျန်းမာရေးအရာရှိ အများအပြားက ဒီ AstraZeneca ကာကွယ်ဆေးအတည်ပြုရေး ပါဝင် လုပ်ဆောင်လာကြပါတယ်။

ဒီဆေးကို အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်ကြား လုပ်အားပေးတွေနဲ့ စမ်းသပ်မှုပေါ် အခြေခံပြီး ခံနိုင်ရည် ရှိမရှိ စမ်းသပ်ထားတာ ဖြစ်ပေမယ့် သက် ၅၅ နှစ်အထက်တွေလည်း ကာကွယ်ဆေးရ ဖို့ EMA ကျွမ်းကျင်သူတွေက ဆုံးဖြတ်ကြောင်းလည်း Emer ကပြောပါတယ်။

AstraZeneca ကာကွယ်ဆေးကို ဗြိတိန်နဲ့ တခြား နိုင်ငံအများအပြားက အသုံးပြုခွင့် အတည်ပြုပေးထားတာ ဖြစ်ပြီး အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA ကတော့ အရေးပေါ်အသုံးပြုခွင့် ချပေးဖို့ AstraZeneca ရဲ့ လေ ျှာက်ထားချက်ကို စဉ်းစားနေဆဲ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/EU-AstraZeneca-vaccine-FDA-Pfizer-emergency-/5757364.html

AstraZeneca ကိုဗစ်ကာကွယ်ဆေး ဥရောပတိုက်မှာ အသုံးပြုဖို့ အီးယူခွင့်ပြု AstraZeneca ကိုဗစ်ကာကွယ်ဆေး ဥရောပတိုက်မှာ အသုံးပြုဖို့ အီးယူခွင့်ပြု Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.