မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန်

မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာ UECကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ၂၀၂၁ ဇန်နဝါရီ ၃၀ရက်နေ့က ဆန္ဒပြစဉ်။ Photo: Aung Thain Kha / RFA

ဆန္ဒပြသတင်းတွေကို ဖော်ပြရေးသားနေတဲ့ သတင်းမီဒီယာဌာနတချို့နဲ့ သတင်းထောက်တွေကို ဆန္ဒပြ သူတွေက မကျေနပ်ဘဲ ခြိမ်းခြောက်နေတာတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကာကွယ်ပေးဖို့ အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက အသိပေးအကြောင်းကြားထားပါတယ်။

ဇန်နဝါရီ ၃၀ရက် မနေ့က ရွှေတိဂုံစေတီတော် အရှေ့ဖက်မုခ် ကြေးသွန်းဘုရားအနီးမှာ တပ်မတော် ထောက်ခံတဲ့ ဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက် အမျိုးသမီးတစ်ယောက် ဆံပင်ဆွဲခံရပြီး ညနေပိုင်းမှာ သတင်းဖော်ပြတဲ့ သတင်းဌာနတချို့နဲ့ သတင်းသမားတွေကို ခြိမ်းခြောက်တဲ့စာသားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

အဲဒီသတင်းတွေကိုဖော်ပြနေတဲ့ သတင်းမီဒီယာဌာနတွေနဲ့ သတင်းသမားတချို့ကို ဆန္ဒပြသူတွေက မကျေနပ်ကြလို့ ဇန်နဝါရီ ၃၀ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကနေ ခြိမ်းခြောက်ရေးသားနေတာတွေ ပျံ့နှံ့နေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းဌာနတွေနဲ့ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ အသိပေး အကြောင်းကြားထားတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီအခြေအနေတွေဟာ သတင်းသမားတွေကို ပစ်မှတ်ထားလာတဲ့သဘော ဖြစ်လာတဲ့အတွက် သတိထား ရတော့မှာ ဖြစ်တဲ့အကြောင်း၊ အဲဒီစာသားတွေကိုလည်း Facebook Teamက ဖယ်ထား ရှားထားလိုက်တာကို သိရတဲ့အကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က ပြောပါတယ်။

အခုလို ခြိမ်းခြောက်တာတွေ ရှိနေတဲ့အတွက် သတင်းသွားယူမယ့် သတင်းသမားတွေကလည်း တစ်ဦး တစ်ယောက်ချင်း ခွဲမနေဘဲ အဖွဲ့လိုက် အတူရှိပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ကြည့်ဖို့လည်း လိုအပ်တဲ့အကြောင်း မှတ်ချက်ပေးပါတယ်။

ကိုဗစ်ကပ်ဘေးကာလအတွင်း လူစုလူဝေးတွေ မလုပ်ကြဖို့ အစိုးရက ထုတ်ပြန် ကြေညာထားတာတွေ ရှိပေမယ့်လည်း အခုလိုဆန္ဒပြပွဲတွေကို ဇန်နဝါရီလအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်နဲ့ မြို့ကြီး တချို့တို့မှာ လုပ်ခဲ့ကြပြီး ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ နေ့စဉ်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/protesters-threaten-media-01312021025501.html

မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန်  မီဒီယာတွေကို ဆန္ဒပြသူတွေက ခြိမ်းခြောက်နေတယ်လို့ မီဒီယာကောင်စီထုတ်ပြန် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.