တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ ၁၁ ယောက်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းခဲ့စဉ် / ဓာတ်ပုံ - ကျော်ဆန်းဝင်း

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့တွေဆီမှာ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ ၁၁ ယောက်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က မန်ကျည်းအုပ်တောရကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာပါ။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆင်ဖြူချီရွာသား ငါးယောက်၊ ကံကြီးရွာသား ငါးယောက်နဲ့ ငွေသာရွာသား တစ်ယောက် စုစုပေါင်း ၁၁ ယောက်တို့ကို ၂၀၁၃ ခုနှစ်၊ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့တွေက တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၁၇ နှစ်ကနေ အသက် ၃၆ နှစ် အတွင်း အရွယ်တွေဖြစ်ကာ ဒေသထွက် စောင်၊ ခြင်ထောင်၊ မွေ့ရာ၊ ကောဇောနဲ့ ကုန်ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ လိုက်လံရောင်းချရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီနေ့အချိန်အထိ အဆက်အသွယ်လည်းမရဘူးလို့ မိသားစုဝင်တွေကိုယ်စား ငွေသာရွာသား ဦးကျော်ဆန်းဝင်း က RFA ကို ပြောပါတယ်။

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ဆင်ဖြူချီကျေးရွာသား ငါးယောက်ဟာ ၂၀၁၃ ခုနှစ်ကတည်းက ဖမ်းဆီးခံ ရတာဖြစ်ပြီး ငွေသာရွာသား တစ်ယောက်က ၂၀၁၇ ခုနှစ်မှာ အဖမ်းခံရတာပါ။ ကံကြီးရွာသား ငါးယောက်က တော့ ၂၀၁၉ ခုနှစ်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒု-ဗိုလ်မှူးကြီး အွမ်ခေးကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ စစ်ကိုင်းတိုင်းက ဒေသခံရွာသားတွေကိစ္စ သူ မသိသေးကြောင်းနဲ့ အဖွဲ့အစည်းအတွင်း ပြန်ပြီးစုံစမ်းကြည့်ပါဦးမယ်လို့ ပြောပါတယ်။

KIA နဲ့ TNLA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေဆီ RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့်လည်း တာဝန်ရှိသူတွေ ဖုန်းမကိုင်ကြလို့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မိသားစုဝင်တွေက တပ်သားသစ်အဖြစ် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုတဲ့အပြင် အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကူအညီပေးနိုင်တဲ့ တခြားအဖွဲ့အစည်းတွေကိုပါ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံလိုက်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/three-ethnic-armed-groups-arrest-sagaing-villagers-01312021044735.html

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို  တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဆီမှာ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့တောင်းဆို Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.