တပ်မတော်ကို သံဃမဟာနာယကနဲ့ နိုင်ငံတကာသံရုံးတွေ ဝေဖန်တိုက်တွန်း

မြန်မာနိုင်ငံရှိ သံရုံးတွေက မြန်မာ့တပ်မတော်နဲ့ တခြားအဖွဲ့အားလုံး ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာဖို့ ဇန်နဝါရီလ ၂၉ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို တရက်တည်းမှာပဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း တပ်မတော်နဲ့ ပါတီတွေအနေနဲ့ လက်ရှိပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက လက်ရှိပြဿနာတွေကြောင့် ရဟန်းရှင်လူတွေ စိုးရိမ်စိတ်နဲ့ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲ ရှိနေကြတဲ့အတွက် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေး ပါတီတွေ မငြင်းမခုန်ဘဲ ဥပဒေနဲ့အညီ ညှိနှိုင်းအဖြေရှာဖို့ ဇန်နဝါရီလ ၂၉ ရက် မနေ့ကမေတ္တာရပ်ခံခဲ့ပါတယ်။

မန္တလေးမြို့ရှိ မြဝတီမင်းကြီးဆရာတော် အရှင်အရိယာဘိဝံသက ဆရာတော်ကြီးတွေရဲ့ ထုတ်ပြန်ချက်ဟာ မိမိတို့ နိုင်ငံသားအားလုံးအတွက် အချိန်အခါနဲ့ ကိုက်ညီလှပါတယ်လို့ RFA ကို မိန့်ကြားပါတယ်။

“အခု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထောက်ပြတာက အငြင်းပွားမှု ဒီလိုလုပ်နေကြရင် ဒုက္ခရောက်ကုန်ကြမယ်ဆိုတာ ပြောတာ။ အငြင်းပွားခဲ့ရင် ဥပဒေနဲ့ဘဲ စကားပြောရတယ်။ ဥပဒေဘောင်ကျော်ပြီး မပြောရဘူး။ မပြောဘူးဆိုရင် မညီညွတ်စရာအကြောင်းမရှိဘူး အငြင်းပွားစရာ မရှိတော့ဘူး။ အခုတော့ ဥပဒေကို ဖျက်ပစ်ဆိုတာမျိုး ပြောတာကတော့ တော်တော်တော့ မကောင်းတာပဲ။ ပြင်သင့်ရင် ပြင်ကြ။ ပြင်ဖို့ရာ အဆိုပြုကြ ဒီလိုစည်းနဲ့ ဘောင်နဲ့ လုပ်ကြမှ ကောင်းလိမ့်မယ်လို့ မြင်တယ်။ ဥပဒေကို မလိုက်နာရင် တိုင်းပြည်က ပြန်ဆုတ်သွားမှာ။ ဒါကြောင့်လည်း နိုင်ငံတကာက လက်မခံတာ။ နိုင်ငံတော် သံဃမဟာနာယကက ဒီလိုထုတ်ပြန်ကြေညာတာ အရမ်းကို ကျေးဇူးတင်စရာလဲ ကောင်းတယ်၊ အင်မတန်သင့်လျော်တဲ့ အကြံပြုချက်လည်း ဖြစ်တယ်။ လိုက်နာရင် တိုင်းပြည် အေးချမ်းမှာပါ။”

ဒီအတောအတွင်း မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဗြိတိန်နဲ့ တခြား ဥရောပနိုင်ငံ သံရုံးတွေ စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ လွှတ်တော်အသစ် စတင်ရေး နဲ့ သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် မျှော်လင့်ကြောင်း၊ တပ်မတော်နဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ တိုက်တွန်းကြောင်း၊ ရွေးကောက်ပွဲရလဒ် ကို ပြောင်းလဲရန် သို့မဟုတ် အသွင်ကူးပြောင်းရေးကြန့်ကြာရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေးလုပ်ဆောင်သူအားလုံးကို ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဒါဟာ မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆန့်ကျင်မယ်ဆိုရင် အဲဒီ အင်အားစုတွေကို ရန်သူအဖြစ် သတ်မှတ်မယ်ဆိုတာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက အတိအလင်း သတိပေးလိုက်တာပဲလို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာနဲ့ ကျနော်တို့ကို တိုက်ရိုက်ထောက်ခံတဲ့ သတင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။ သူက တပ်မတော်အနေနဲ့ ဆိုတဲ့ စကားလုံးကို ပီပီပြင်ပြင်သုံးပါတယ်။ တပ်မတော်အနေနဲ့၊ နောက်တပ်မတော်ကို လိုလားတဲ့သူတွေအနေနဲ့ မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ပြောင်းလဲဖို့အတွက် ကြိုးစားမယ်။ ဖိအားပေးမယ်ဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်လာခဲ့မယ်ဆိုရင် အနောက်ကမ္ဘာက ဥရောပနိုင်ငံတွေအားလုံးက အဲဒါကို လက်မခံဘူး ရှုံ့ချမယ် နောက်ပြီးတော့ အဲဒီလှုပ်ရှားမှုကို ကျနော်တို့ လုံးဝတားဆီးကာကွယ်သွားမယ်လို့ ထည့်သွင်း ပြောဆိုသွားတဲ့အတွက် ၈၈ နဲ့ မတူဘူးဆိုတာ အဲဒီအခြေအနေတွေက ဖော်ပြလိုက်တာပဲ။ ဒါကြောင့်မို့ ဒီ ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်တွေအားလုံးကို ခုလိုထောက်ခံပံ့ပိုးမှုတွေအတွက် ကျနော်တို့က ကြိုဆိုကြောင်း၊ ဝမ်းမြောက်ကြောင်း ဆက်ပြီးတော့လဲ ကျနော်တို့ကို ထောက်ခံအားပေးသွားဖို့ မေတ္တာရပ်ခံကြောင်း ကျနော်ပြောချင်ပါတယ်”

နော်ဝေနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာမောင်မောင်မြင့်ကလည်း -

“ဟိုးအရင်တုန်းကလိုမျိုး အာဏာသိမ်းပြီးမှ ထုတ်တဲ့သဘောမဟုတ်ဘူး။ အာဏာသိမ်းမှာကို ကြိုပြီး တားတဲ့သဘောနဲ့ သူတို့ထုတ်တာ။ ဘာပဲပြောပြော အဲဒီအချက်က တကမ္ဘာလုံးက သဘောမတူဘူးဆိုတာကို အခုထဲက ကြိုပြီး ပြထားတဲ့ အနေအထားရှိတယ်။ တကယ်လို့သာ တပ်မတော်က အာဏာသိမ်းမှုထပ်ပြီး ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာရဲ့တုံ့ပြန်မှု အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေ အနောက်နိုင်ငံတွေ နောက်ပြီး ဂျပန်တို့ သြစတေးလျ တို့ စသဖြင့် သူတို့တွေလည်း ပါလာနိုင်တာပေါ့။ အရင်တုန်းက ရှိခဲ့ဖူးတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ဆို့တာတွေ ဖြစ်လာမယ်။ စီးပွားရေး ပိတ်ဆို့တာနဲ့ အတူ ဘဏ်တွေကနေ မြန်မာပြည်က စီးပွားရေးအကြီးကြီးတွေကို ပိတ်ဆို့လာနိုင်တယ်။ စီးပွားရေးလုပ်ငန်း အကြီးကြီးတွေကို ပိတ်ဆို့ပြီဆိုရင် အဲဒီစီးပွားရေးလုပ်ငန်း အကြီးကြီးတွေမှာ မြှုပ်နှံထားတဲ့ ဦးပိုင်က စပြီးတော့ သူတို့ စစ်ဗိုလ်ချုပ်တွေ နဲ့ တကိုယ်တော်ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ အဲဒါတွေလည်း သွားပြီး ထိခိုက်လာလိမ့်မယ်။ နာမှာကတော့ တိုင်းပြည်က အနာဆုံးပဲ”

ဒီအတောအတွင်း အစိုးရကိုယ်စားလှယ် နှစ်ဦးက တပ်မတော်ခေါင်းဆောင်တချို့ကို ၂၈ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ တပ်မတော်ဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့ဘူးလို့ သတင်းရပါတယ်။ ဒါပေမယ့် ဒီသတင်းကို အစိုးရနဲ့ တပ်မတော်နှစ်ဖက်လုံးက အတည်ပြု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/statements-and-views-over-military-stages-a-coup-01292021172115.html

တပ်မတော်ကို သံဃမဟာနာယကနဲ့ နိုင်ငံတကာသံရုံးတွေ ဝေဖန်တိုက်တွန်း  တပ်မတော်ကို သံဃမဟာနာယကနဲ့ နိုင်ငံတကာသံရုံးတွေ ဝေဖန်တိုက်တွန်း Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.