ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန်

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ၂၀၂၁ ဇန်နဝါရီ ၂၇ရက်နေ့က အမှာစကားပြောကြားစဉ် / တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥကဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်က ဒီကနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဥပဒေတွေကို မလိုက်နာနိုင်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇန်နဝါရီလ (၂၇) ရက်နေ့က ပြောဆိုချက်ကို သတင်းမီဒီယာတွေမှာ ဖော်ပြပြီး နောက်ပိုင်း တပ်မတော်ဘက်က အခုလို ကြေညာချက်ထုတ်ပြန် ဖြေရှင်းတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းမယ်လို့ ရေးသားပြောဆိုချက်တွေဟာ လိုရာဆွဲပြီး ရေးသားပြောဆိုနေကြတာလို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

တပ်မတော်က တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ဥပဒေဘောင်အတွင်းကနေ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာမှုမရှိရင် ဖျက်ပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ "တပ်က ဒီလိုမျိုး ထုတ်ပြန်လိုက်တာက မှားသွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် NLD နဲ့ ရွေးကောက်ပွဲကော်မရှင် ပြဿနာဖြေရှင်းဖို့ ညှိနှိုင်းတာ အဖြေတစ်ခုခု ရသွားလို့လား သို့မဟုတ် နဂိုထဲက ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောထားတဲ့အတိုင်းပဲ ဆက်သွားဖို့ ရည်ရွယ်ထားတာလားဆိုတာ စောင့်ကြည့်ရဦးမှာပေါ့ မပြီးသေးဘူး။ ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်လျှောက်လုံးပြောလာတာ အခြေခံဥပဒေကိုကာကွယ်ဖို့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လုပ်ဆောင်မယ်လို့ ပြောလာနေခဲ့တာ။ ဆူဆူပူပူဖြစ်လာရင် အခန်း ၁၁ မှာပြဌာန်းထားတဲ့ အရေးပေါ်ပြဌာန်းချက် ဥပဒေနဲ့အညီ အာဏာကို လွဲယူနိုင်တယ်ဆိုပေမယ့် ကြိုက်သလို အဓိပ္ပာယ်ဖွင့်ဆိုပြီး လုပ်လိမ့်မယ်လို့ ထင်ခဲ့ကြတာ" လို့ သုံးသပ်ပါတယ်။

တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း၊ တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေတွေကိုလည်း လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်မဥပဒေ ဖြစ်တဲ့အတွက် တပ်မတော်သားတွေက လေးစားလိုက်နာဖို့လိုအပ်ပြီး၊ ဥပဒေကို မလေးစား မလိုက်နာရင် အဲဒီဥပဒေကို အသုံးပြုဖို့ မလိုအပ်တော့တဲ့အတွက် ဖျက်ပစ်ရမှာ ဖြစ်တဲ့အကြောင်း အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည်အောင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချို့အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေက လိုရာဆွဲပြီး အဓိပ္ပာယ်ဖွင့်ဆိုကာ ထုတ်ပြန်ချက်တွေ၊ သတင်းသုံးသပ်ချက်တွေ လုပ်နေတယ်လို့လည်း တပ်မတော်က ဆိုပါတယ်။

တပ်မတော်က တစိုက်မတ်မတ် ထုတ်ပြန်ကြေညာနေတဲ့ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စေနိုင်တဲ့ မဲစာရင်းတွေနဲ့ပတ်သက်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ တပ်မတော်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သလို ၂၇ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ ပြောဆိုချက်တွေ ထွက်ပေါ်လာခဲ့တဲ့နောက် တပ်မတော် အာဏာသိမ်းတော့မလားလို့ ပြည်တွင်းမှာ စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးကို နိုင်ငံတကာကပါ စိုးရိမ်ပြီး ကုလသမဂ္ဂနဲ့ သံတမန်အဖွဲ့အစည်းတွေကပါ မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေမယ့် ကြိုးပမ်းအားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ကြေညာခဲ့ကြပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်သစ် စတင်ရေးနဲ့ သမ္မတသစ်ရွေးချယ်ရေး လုပ်ငန်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့လည်း တိုက်တွန်းခဲ့ကြတာပါ။


RFA Burmese

https://www.rfa.org/burmese/news/constitution-repeal-01302021045911.html

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်ထုတ်ပြန် Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.