ကျားဖောင်မှာ အလုပ်သွားလုပ်တဲ့ ဒေသခံတစ်ဦး ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ


ပင်လယ်ပြင်က ငါးဖမ်းကျားဖောင်တွေမှာ သွားရောက် အလုပ်လုပ်နေကြသူတွေ သေဆုံးတာတွေ နှိပ်စက်ခံရတဲ့ သတင်းတွေ ကြားသိနေရပါတယ်။

ပုသိမ်မြို့တဖက်ကမ်းမှာ ရှိတဲ့ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ နတ်ကကုန်းကျေးရွာက ဦးမောင်နိုင်ဟာ ဖျာပုံမြို့နယ်ထဲက ကျားဖောင်တစ်ခုမှာ အလုပ်သွားလုပ်ရာကနေ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်လို့ သိရပါတယ်။

ပင်လယ်ပြင်က ကျားဖောင်ပေါ်မှာ သုံးလလောက် အလုပ်လုပ်ခဲ့ပြီး ဒဏ်ရာတွေ ရရှိလာတာတွေ ဖြစ်တယ်လို့ ဦးမောင်နိုင်က ပြောပါတယ်။

“ဟိုမှာ ကြိတ်မှိတ်ပြီးတော့ အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ ရိုက်တယ် နှိပ်စက်တယ်။ တခါတလေ ဖောင်ပေါ်က ကန်ချလိုက်တယ်။ ပြန်ကူးတက်တယ်။ အပေါ်ရောက်တာနဲ့ ရိုက်။ နံရိုးတွေ ဘာတွေရိုက်၊ အရိုက်အနှက်ခံပြီး တော့ လုပ်ခဲ့ပါတယ်။ သူတို့ အရိုက်အနှက် ခံပြီးတာနဲ့ နောက်ဆုံး သူတို့ ပိုက်ဆံကျေပြီးလားလို့ မေးလိုက်တော့ ကျေသွားပြီဆိုတဲ့ အတိုင်းအတာဖြစ်သွားတော့ ပြန်လိုက်လာတယ်။ သူတို့ပိုက်ဆံ မကျေရင် ကျနော်တို့ကို ပြန်မတင်ဘူး။ “

ကျားဖောင်ပိုင်ရှင်ဆီကနေ ယူထားတဲ့ ကြိုတင်ငွေ ကျေသွားလို့ ပြန်လာရပေမယ့် ဒဏ်ရာတွေနဲ့ ကျန်းမာရေး ထိခိုက်ပြီး ပြန်လာရတယ်လို့ ဦးမောင်နိုင် က ပြောပါတယ်။

“ကျနော့်ကို သူတို့ ခေါ်သွားတုန်းကတော့ အကောင်းဗျ။ ဟိုကျတော့ ရိုက်တယ်၊ နှက်တယ်၊ နှိပ်စက်တယ်။ နံရိုးတွေ မထနိုင်ဘူးဗျ။ ကျနော် ပြန်ရောက်လာတော့ တုံးလုံးပက်လက် ပစ်တင်လိုက်တယ်။ တင်ပြီးတော့ မော်တော်ပေါ်ကနေ ဒီထဲရောက်လည်း ရောက်လာရော။ ဒီရောက်တော့မှ သူများ စီစဉ်ပေးလို့ ဆေးရုံရောက် လာတာ။ ကျနော့် ကို ထမင်း မကျွေးဘူးဗျ၊ ရေကိုလည်း အချိန်နဲ့ တိုက်တယ်။ ဒါပေမယ့် ရေကို တောင်းသောက်တယ်။ တောင်းသောက်လို့ မရလို့ ရေငန်တွေ သောက်ရတယ်။ သောက်ပြီးလို့ ကျနော် ကျန်းမာရေးတွေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ အဆုတ်ထဲပါ ရေဝင်တဲ့အထိ ဖြစ်သွားတယ်"

ဦးမောင်နိုင်ဟာ ပွဲစားတစ်ဦးရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဖျာပုံမြို့နယ် နောက်မီးကျေးရွာ အုပ်စုက ရေလုပ်ငန်းရှင်တစ်ဦးရဲ့ ပင်လယ်ပြင်က ကျားဖောင်ပေါ်မှာ အလုပ်လုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ကျားဖောင်ပေါ်က ရရှိလာတဲ့ ဒဏ်ရာတွေကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပါတယ်။

ဦးမောင်နိုင် အလုပ် သွားရောက်လုပ်ကိုင်တဲ့ နောက်မီးကျေးရွာက ရေလုပ်ငန်းရှင်ကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

ရေလုပ်ငန်းရှင်ရဲ့ ကိုယ်စားလှယ်ကတော့ ဦးမောင်နိုင်က နေမကောင်းလို့ ပြန်သွားတာဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မှတ်တမ်းတင်ပြီး ပြန်လွှတ်ခဲ့တာလို့ ရေလုပ်ငန်းရှင်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းကြွယ်က RFA ကို ပြောပါတယ်။

“ ဦးလေးတို့ဆီမှာ အလုပ်သမားတစ်ယောက်ကို လွှတ်ပြီဆိုရင် ဘယ်တော့မှ အကြောင်းမဲ့ မလွှတ်ဘူး။ အဲ့ဒီအလုပ်သမား သူ့နေရပ်ကို ပြန်မရောက်ရင် ဦးလေးတို့ဆီမှာ တာဝန်ရှိတယ်လို့ ဦးလေးတို့က ဒါနဲ့ ပတ်သတ်ပြီး သူပြန်မယ် ဆိုတဲ့အကြောင်းကို ဘယ်တော့ဖြစ်ဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတို့၊ အလုပ်သမား ရုံးတို့မှာ မှတ်တမ်းတင်ထားတယ်။ အဲ့ဒီတော့ အဲ့ဒါတွေကို သူက သူ့ဒေသရောက်တော့မှ ဘယ်လိုအနေအထား လေးတွေ တကယ်ဖြစ်ခဲ့တယ်။ မဖြစ်ခဲ့တယ်ကို ဦးလေးတို့ မမြင်ဘူး။ ဆရာဝန်ဆီကို ဆေးရုံကို ရောက်တော့မှ ဒီလိုမျိုး ဖြစ်ခဲ့လား။ မဖြစ်ခဲ့လား။”

ဦးမောင်နိုင်က ကျားဖောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အလုပ်ရှင်တွေကို အသိမပေးဘဲ ကျန်းမာရေးမကောင်းတာကြောင့် အိမ်ပြန်ချင်တယ်ဆိုလို့ လူနာတင်ယာဉ်နဲ့ ပြန်ပို့ပေးခဲ့တာ ဖြစ်တယ်လို့ ဦးမင်းကြွယ်က ပြောပါတယ်။

ရေလုပ်သား ဦးမောင်နိုင်ဆီကနေ အလုပ်ရှင်က ရစရာရှိတဲ့ ငွေကြေးတွေ လျှော်ပေးပြီး ခံဝန် ကတိပြုချက်ပေါ်မှာ လက်မှတ်ထိုး၊ လက်ဗွေနှိပ်ခိုင်းပြီး ပြန်ပို့ပေးလိုက်တာ ဖြစ်တယ်လို့ နောက်မီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရင်စိန် က RFA ကို ပြောပါတယ်။

“၂၂ ရက်၊ ၁ လ ၊ ၂၀၂၁ တဲ့။ ကိုယ်တိုင်ဝန်ခံ ကတိပြုချက် ဆိုပြီးတော့ ရေးထားတယ်။ အလုပ်ရှင် က သူ့ကို ဆေးကုပေးမယ်။ ပျောက်အောင်နေ ဆိုတာ သူက မနေဘူး။ ပြန်မယ်ဆိုပြီး ပြန်တာ အဲ့ဒီလုပ်သား လက်မှတ်ထိုးထားတာတွေ၊ ဒီမှာ အကုန်တွေ့ရတယ်။ သူ့အပေါ်စူးတဲ့ နှစ်သိန်းတစ်သောင်းခြောက်ထောင့်နဲ့ ရှစ်ရာ လည်း ဒီက လျှော်ပေးပြီး အဲ့ဒီအရောက် လိုက်ပို့ပေးလိုက်တယ်။ အလုပ်သမားရဲ့ ဆန္ဒအရတဲ့ အဲ့ဒီလိုလေးတော့ တွေ့နေရတယ်"

ရေလုပ်သား ဦးမောင်နိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်သင်းသင်းရီကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

“ဘယ်လိုတွေ့တာလဲဆိုတာ့ သူက ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့ ကျနော်တို့က ရိုးရိုးတန်းတန်း ဖြစ်နိုင်တယ်လို့ မထင်ဘူး။ သူကလည်း ပြောတယ်။ သူ့ကို တွေ့တဲ့ဟာနဲ့ ရိုက်တာတဲ့၊ အခုက ဘာလုပ်ထားလဲဆိုတော့ သူတို့ကို မေးစမ်းပြီးတော့ အမှုမှန် ပေါ်ပေါက်ရေးတော့ ဖြစ်စေချင်တာပေါ့နော်။ လူကုန်ကူးမှု တိုက်ဖျက်ရေးကို သွားပြီး အကြောင်းကြားထားတယ်။ ဆေးရုံက အစ်ကိုတစ်ယောက်က လာပြီးတော့ စစ်ချက်တော့ ကောက်သွားတယ်”

ရေလုပ်သား ဦးမောင်နိုင်ရဲ့ မိသားစုဝင်တွေ တိုင်ကြားလာတဲ့ အပေါ်မှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ အမှတ် ၇ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု တာဝန်ရှိသူတစ်ဦးက မီဒီယာတွေကို ပြောပါတယ်။

ပင်လယ်ပြင်က ကျားဖောင်လုပ်ငန်းတွေမှာသွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေ နှစ်စဉ်သောင်းနဲ့ ချီရှိနေပြီး မတရားခိုင်းစေခံရတာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ ဝေဖန်ပြောဆိုသံတွေ လည်း ရှိနေပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ ဧရာဝတီတိုင်းနယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးနဲ့ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေဟာ ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းတွေကို သွားရောက် စစ်ဆေးတာတွေလည်းရှိခဲ့ပါတယ်။

ဖျာပုံမြို့နယ် ဒေါ်ငြိမ်းနယ်မြေရဲစခန်းက စာရင်းတွေအရ ၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ပြင်မှာ ကျားဖောင်လုပ်သား ၈၀ နီးပါးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူက ၁၇၀ နီးပါးအထိရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/more-dead-and-injured-fishermen-at-sea-working-on-big-fishing-rafts-01282021171915.html

ကျားဖောင်မှာ အလုပ်သွားလုပ်တဲ့ ဒေသခံတစ်ဦး ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ  ကျားဖောင်မှာ အလုပ်သွားလုပ်တဲ့ ဒေသခံတစ်ဦး ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.