ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့ ကြိုးစားမှု သံတမန်အဖွဲ့အစည်းတွေ ကန့်ကွက်


ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေ မယ့် ကြိုးပမ်းအားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း တပ်မတော်ဘက်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လို့ရကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာပဲ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသံရုံးတွေ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ သံရုံးတွေက ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာစောင့်ထိန်းကြဖို့ တပ်မတော်နဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီဂူတာရက်စ်ကလည်း ၂၀၂၀ နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ဇန်နဝါရီ ၂၈ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ တပ်မတော်ဘက်က အရာရှိနှစ်ဦးနဲ့ အစိုးရဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ မနေ့က တွေ့ဆုံခဲ့ကြပြီး တပ်မတော်ဘက်က တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် တွေ့ဆုံပွဲ အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အတည်ပြုလို့ မရသေးပေမယ့် လက်ရှိနိုင်ငံရေး အခက်အခဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တိုက်တွန်းမှုကြောင့် တစ်နည်းတစ်ဖုံ ပြေလည်အောင် နည်းလမ်း ရှာနိုင်လိမ့်မယ်လို့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“မပြေလည်ဘူးပေါ့လေ၊ အဆင်မပြေဘူး ညှိနှိုင်းတာ အဆင်မပြေဘူးဆိုတာတွေလည်း ပါလာတယ်ပေါ့။ အဲဒီဟာ သိပ်ပြီး Confirm မဖြစ်ဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခါ ဒီ EU ကလည်း ဒီကိစ္စအပေါ်မှာ ကန့်ကွက်တယ်၊ အမေရိကန်ကလည်း ကန့်ကွက်တယ်၊ ရွေးကော်ပွဲရလဒ်ကို ထောက်ခံ တာမျိုးလုပ်တယ်။ အဲဒါမျိုးတွေ ရှိလာတဲ့အခါကြတော့ ကျွန်တော်ထင်တာတော့ အခု အလတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကတော့ ဘယ်လိုနည်းနဲ့ ပြေလည်ကြမလဲတော့မသိဘူး။ တစ်နည်းတစ်ဖုံ ပြေလည်အောင်တော့ နည်းလမ်းရှာနေကြလိမ့်မယ်တော့ ကျွန်တော်အဲလိုပဲထင်ပါတယ်။”

အစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ မနေ့က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရွေးကောက်ပွဲအငြင်းပွားနေတဲ့ ကိစ္စရပ်တွေကို NLD အစိုးရက ဖြေရှင်းမပေးဘူးဆိုရင်၊ တပ်မတော်ဘက်က အာဏာမသိမ်းနိုင်ဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဥပဒေကို မလိုက်နာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင်တောင် ဖျက်သိမ်း ရမယ်လို့ ပြောဆိုလာပါတယ်။

အဲဒီလို ပြောဆိုချက်တွေရှိနေတဲ့ တစ်ပြိုင်တည်းမှာပဲ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မြို့အချို့မှာ သံချပ်ကာကားတွေ တင့်ကားတွေ လမ်းပေါ်ထွက်လာတာနဲ့ ပတ်သက်လို့ ပြည်သူတွေကြားမှာ တပ်မတော် အာဏာသိမ်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်း တာတွေရှိခဲ့ပေမယ့် တပ်မတော်ဘက်က စွပ်စွဲထားသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ မနေ့က တုံ့ပြန် ထားပါတယ်။

အစိုးရနဲ့ တပ်မတော်ကြား နိုင်ငံရေးတင်းမာမှုတွေကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာသလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထုတ်ဖော်ပြောလာရတဲ့အထိ ဖြစ်လာပါတယ်။

လက်ရှိ အကျပ်အတည်းအရ တပ်မတော်က အာဏာသိမ်းမယ့်အခြေအနေ ပိုပြီးများနေတယ်လို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုက ဦးမြအေးက သုံးသပ်ပါတယ်။

“နောက်ဆုံး အခြေအနေအရ ကျွန်တော်တို့ သိသလောက်ဆိုရင်တော့ အစိုးရနဲ့ တပ်ဘက်နဲ့ ဆွေးနွေးတာ မပြေလည်ဘူးလို့လည်း သိရတယ်။ တပ်ဘက်ကလည်း ပြောစရာစကားတွေက တော်တော်ကုန်အောင် ပြောထားတယ်ဆိုတဲ့ အခါကြတော့ သူ့ဘက်ကလည်း ထွက်ပေါက်ပိတ်နေတယ်၊ ဒီအစိုးရဘက်ကလည်း အကျပ်အတည်း ထွက်ပေါက်နည်းနေတယ်လို့ ကျွန်တော်မြင်တယ်။ နှစ်ဖက်လုံးပေါ့နော်။ အခု အခြေအနေက ကျွန်တော်အမြင်အရ အာဏာသိမ်းတာကိုတော့ မူအရရော ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးဗျာ။ ဒါတိုင်းပြည်က ပိုဆိုးသွားလိမ့်မယ်။ သို့သော် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအရကြတော့ အာဏာသိမ်းဖို့ဘက်ကို ပိုပြီးတော့ အလားသဏ္ဍန်များတယ်လို့ ကျွန်တော်ကတော့ သုံးသပ်တယ်။”

အာဏာသိမ်းသည်ဖြစ်စေ မသိမ်းသည်ဖြစ်စေ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး မပြေလည်ဘူးဆိုရင် ရှေ့အနာဂတ်အလားအလာ မကောင်းနိုင်သလို လူထုကို အကျပ်အတည်းဖြစ်အောင် နိုင်ငံရေး နည်းလမ်းဟောင်းတွေသုံးပြီး မလုပ်စေချင်ဘူးလို့ ဦးမြအေးက တိုက်တွန်းပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ လက်ရှိနိုင်ငံရဲ့ အနေအထားဟာ အာဏာသိမ်းရမယ့် အနေအထား၊ အခြေအနေ မဟုတ်ဘူးလို့ ယူဆကြောင်းနဲ့ အစိုးရနဲ့ တပ်မတော် ဖြေရှင်းလို့ရတဲ့ အနေအထားတွေရှိပေမယ့် အခုလို အခြေအနေတွေဖြစ်လာတာဟာ တိုင်းပြည်အတွက် မကောင်းသလို ဒီမိုကရေစီရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့တိုင်းပြည်ရဲ့အနေအထားက အာဏာသိမ်းရမယ့် အနေအထား၊ အာဏာသိမ်းရမယ့် အခြေအနေ မဟုတ်ဘူးလို့ ကျွန်တော်အနေနဲ့ ယူဆတယ်။ အဲဒီလိုလည်း ဖြစ်လာနိုင်ဖို့အတွက်က နဲနဲနည်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကျွန်တော့် ထင်မြင်ချက်ပါ။ ဒီအခြေအနေကို အစိုးရနဲ့ တပ်မတော်ကြားမှာ ဆက်ဆံရေးတွေရှိနေတာပဲ အဲလိုဖြေရှင်းသွားလို့ရတဲ့ အခြေအနေတွေ ရှိရဲ့သားနဲ့ အခုလို အုတ်အော်သောင်းနင်း ဖြစ်လာတဲ့ အနေအထားတွေက တိုင်းပြည်အတွက် အတော်မကောင်းဘူး ဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကနေ့သွားနေတဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်အတွက် စိုးရိမ်စရာ ဖြစ်တာတော့ အမှန်ပါပဲ”

ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ကလည်း အခုအကျပ်အတည်းကို ဖြေရှင်းတဲ့အခါ သက်ဆိုင်ရာ အင်အားစုတွေက ဒီမိုကရေစီ နောက်မဆုတ်တဲ့ နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ သဘောထားကတော့ အာဏာသိမ်းတာကို လုံးဝ လုံးဝ ကန့်ကွက်တယ်၊ ဆန့်ကျင်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို နှောင့်နှေးစေတဲ့ နောက်ဆုတ်စေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်တယ်။ လက်ရှိ အကျပ်အတည်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူတည်ပြီးတော့ အကြောင်းပြုပြီးဖြစ်တဲ့ အကျပ်အတည်းပေါ့နော်။ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဆိုရင် သက်ဆိုင်တဲ့ အင်အားစုအားလုံးအနေနဲ့ တိုင်းပြည်နဲ့လူမျိုးမျက်နှာကို ထောက်ထားပြီးတော့ နိုင်ငံရေးနည်းလမ်းအရ တည်တည်ငြိမ်ငြိမ်ပေါ့ ဒီမိုကရေစီနည်းလမ်းကို နောက်မဆုတ်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ တိုက်တွန်းပန်ကြားလိုတယ်။”

ဆွီဒင်နိုင်ငံမှာ နေထိုင်တဲ့ ဥပဒေပညာရှင် ရှေ့နေ ဦးအောင်ထူးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလွယ်တကူ အာဏာသိမ်းလို့ မရဘူးလို့ ယူဆပါတယ်။

“အာဏာအလွယ်တကူ သိမ်းလို့ရတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အခြေအနေ တည်ငြိမ်ပျက်ပြားအောင် ဘာညာ ကန့်သတ်ချက်တွေရှိတယ်။ အဲဒီကန့်သတ်ချက်နဲ့အညီ စစ်အုပ်ချုပ်ရေး လိုချင်တာတောင်မှ လုပ်ထုံးလုပ်နည်းအညီ သွားရမယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီဆိုတာ အရေးပေါ်အခြေအနေ ပြဌာန်းချက်မှာ ဖော်ပြထားတဲ့ ကန့်သတ်ချက်မျိုး အဲလိုအခြေအနေမျိုး ရောက်မှသာလျှင် သမ္မတက လွှဲပေးမှ စစ်အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်ရှိတာ။ အဲဒါမျိုးကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောနေပုံရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာပဲ လုပ်မယ့်ဟာမျိုး ပြောနေတာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်ရင် ဖျက်မယ်တို့ ကာချုပ်က ပြောတယ်ဆိုတာမျိုးတွေကတော့ ကျွန်တော့်စိတ်အထင် ခြိမ်းခြောက် တာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်လိုက်လဲ ပြီးတာပဲ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာသိမ်းခွင့်ရထားတာကိုက တိုင်းပြည်အခြေအနေက ပိုဆိုးနေတာ။ ဒီလိုမျိုး အာဏာသိမ်း နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒ မရှိတော့ဘူးဆိုရင် နိုင်ငံရေး လမ်းကြောင်းသစ် ပေါ်လာနိုင်မှာပဲ ကျွန်တော်တော့ အဲလိုယူဆတယ်။ ”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တပ်မတော်က အာဏာသိမ်းထားပြီးဖြစ်တာကြောင့် မလိုလားအပ်ဘဲ စိုးရိမ်မှုလွန်ကဲနေတယ်လို့ ဥပဒေပညာရှင် ဦးအောင်ထူးက ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ အုပ်ချုပ်သွားတဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ပါ။ တကယ်တမ်း အရေးကြီးတဲ့ ပြဿနာတွေ တက်လာပြီဆိုရင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရမှာ ဘာအာဏာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ ဥပမာ ရခိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေကိုပဲကြည့်၊ အခုလောလာဆယ် ကရင်ပြည်နယ် ဖြစ်တဲ့ ကိစ္စတွေကိုကြည့် တစ်ပြည်လုံးမှာ သူကြေညာချင်တဲ့အခါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေးကြေညာတယ်၊ မကြေညာချင်တဲ့ ပြည်နယ်ချန်ထားခဲ့တယ်။ လုပ်ချင်သလို လုပ်နေကြတာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဖြစ်နေတဲ့ အခြေအနေကိုပြောတာ။ အဲတော့ တိုင်းပြည်ရဲ့ တကယ်တိုးတက်ဖွံ့ဖြိုးမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို လုပ်နိုင်တဲ့ဟာ အရပ်သားအစိုးရဆီမှာ ရှိကိုမရှိဘူး။ ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီကို စစ်တပ်က အာဏာ သိမ်းထားပြီးသား။ အဲဒါကို အာဏာသိမ်းမှာ ကြောက်တယ်ဆိုတာကိုက လူထုရဲ့ ထင်မြင်ယူဆချက်က မလိုလားအပ်ဘဲ စိုးရိမ်လွန်ကဲနေတာဖြစ်တယ်။”

အခုလို နိုင်ငံတကာက ထောက်ပြတာကို ကြိုဆိုပေမယ့် နောင်ရွေးကောက်ပွဲတွေ အလားတူ ပြဿနာမျိုး ပေါ်မလာနိုင်အောင် ဘယ်လိုအခြေခံ အုတ်မြစ်မျိုးချမယ်ဆိုတာမျိုး ဖိအားပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဒီအကျပ်အတည်းကို ဖြေရှင်းတာက အကောင်းဆုံးဖြစ်ကြောင်းနဲ့ စစ်တပ်က အုပ်ချုပ်မယ်ဆိုရင် ပြည်သူလူထု အတွက် အခက်အခဲအများကြီးရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“အကြောင်းတရားတွေကို ရှာပြီးမှာ ဖြေရှင်းတာကတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံက နှစ်ပေါင်း ၇၀ ကျော်ပေါ့နော် စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆက်ပြီးမှပဲ တပ်မတော်ပဲ အုပ်ချုပ်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် အခက်အခဲတွေ အများကြီး ရှိမယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အဲဒါကြောင့် အာဏာသိမ်းတာတွေ မသိမ်းတာတွေ အဲကိစ္စတွေ ကတော့ ညှိရင်လည်း ရပါတယ်။ အခြေခံဥပဒေကိုလည်း ပြင်လို့မရရင် အသစ်ပြန်ဆွဲလိုက်ပေါ့ ကျွန်တော်ကတော့ အဲလိုပဲ ပြောလိုပါတယ်။”

KIO အနေနဲ့ အစကတည်းက ရွေးကောက်ပွဲကို အနှောင့်အယှက် မပေးသလို အားပေးမှုလည်း မရှိတာကြောင့် မဲမသမာမှုတွေ၊ မတရားမှုတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် မှတ်ချက်ပေး ပြောဆိုစရာမရှိဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်သစ်စတင်ရေးနဲ့ သမ္မတသစ် ရွေးချယ်ရေး လုပ်ငန်းတွေကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ နိုင်ငံတကာ သံရုံးတွေက ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေ တင်းမာနေတာကို နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေသလို အိမ်နီးချင်း တရုတ်နိုင်ငံ အနေနဲ့ ဘယ်လိုအမြင်သဘောထားရှိလည်းဆိုတာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က Email က ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

အစိုးရနဲ့ တပ်မတော်ကြား ပိုပြီးတင်းမာလာမလား ဆိုတာနဲ့ ဘယ်လိုအဖြေရှာပြီး ဒီအကျပ်အတည်းကနေ ရုန်းထွက်နိုင်မလဲဆိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/diplomatic-joint-statement-myanmar-election-democratic-transition-01292021013005.html

ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့ ကြိုးစားမှု သံတမန်အဖွဲ့အစည်းတွေ ကန့်ကွက်  ရွေးကောက်ပွဲရလဒ် ပြောင်းလဲဖို့ ကြိုးစားမှု သံတမန်အဖွဲ့အစည်းတွေ ကန့်ကွက် Reviewed by THITHTOOLWIN on 22:42 Rating: 5

No comments:

Powered by Blogger.