နယ်မြေအေးချမ်းတဲ့နေရာတွေပါ ရွေးကောက်ပွဲမလုပ်လို့ ကော်မရှင်မေးခွန်းထုတ်ခံရ

ရှမ်းပြည်နယ်က မြို့နယ်နဲ့ ကျေးရွာအချို့မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်လို့ ကော်မရှင်ကြေညာ

ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် ရခိုင်နဲ့ရှမ်းပြည်နယ်က မြို့နယ် ၁၀ ခု မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့စာရင်းပေးထားတဲ့ ကိုယ်စားလှယ်လောင်းက နှစ်ရာကျော်အထိ ရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းအရသိရပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်ကိုးခုမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်နေရာတွေအတွက် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအရေအတွက်ကကို နှစ်ရာနီးပါး(၁၉၀ ဦး) အထိ ရှိနေပါတယ်။ ရှမ်းပြည်နယ် မိုင်းကိုင် မြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ပြိုင်ဖို့စာရင်းပေးထားပြီး ပြည်နယ်လွှတ်တော်အတွက်က ၁၂ ဦးဝင်ပြိုင်ဖို့စာရင်းပေးထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲစပေးနေကြပြီဖြစ်လို့ အခုမကျင်းပဖြစ်မယ့် မြို့နယ်တွေက ကိုယ်စားလှယ်လောင်းတွေကို ပေးလိုက်တဲ့မဲတွေဟာ 'အဟောသိကံ ဖြစ်သွားပြီ' လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးသူရိန်ထွဋ်က ဘီဘီစီကိုပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့

ရွေးကောက်ပွဲမကျင်းပဖြစ်တာ ဥက္ကဋ္ဌတောင်မသိ

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ နယ်မြေတွေနဲ့ ရှမ်းပြည်နယ်က လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲမကျင်းပတာကို ရခိုင်နဲ့ရှမ်းအခြေစိုက် တိုင်းရင်းသားပါတီတွေအနေနဲ့ စောဒကမတက်ခဲ့ကြပါဘူး။ ဒါပေမဲ့ နယ်မြေအေးချမ်းတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နဲ့ ရှမ်းပြည်နယ်က မိုင်းကိုင်မြို့နယ်တို့မှာ ရွေးကောက်ပွဲမလုပ်တာကိုတော့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်နန်းလှဌေးက သူ့မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်တာကို ကြိုမသိခဲ့ရဘဲ ထုတ်ပြန်ချက် ထွက်လာတဲ့အခါမှ အံ့သြခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။ မိုင်းကိုင်မြို့နယ်သာမက အနီးဝန်းကျင်က မြို့နယ်တွေမှာပါ နယ်မြေအေးချမ်းတယ်လို့ သူကဆိုပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက မိုင်းကိုင်မှာ အနိုင်ရခဲ့ပါတယ်။

' မိုင်းကိုင်က နေပြည်တော်ထက်တောင် နယ်မြေအေးချမ်းသေးတယ်။ နေပြည်တော်မှာလို လက်ပစ်ဗုံးနဲ့ပစ်တာ ဘာညာမရှိဘူး' လို့ ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းညွှန့်လွင် ကပြောပါတယ်။

စက်တင်ဘာလက နေပြည်တော် ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းထဲမှာ လက်ပစ်ဗုံးတွေ့ခဲ့တာ ကို သူကရည်ညွှန်းခဲ့တာပါ။

မိုင်းကိုင်လိုပဲ မေးခွန်းထုတ်ခံနေရတာက ရခိုင်ပြည်နယ်က ပေါက်တော ဖြစ်ပါတယ်။ ပေါက်တောက အဖြူရောင်နယ်မြေဖြစ်လို့ ရွေးကောက်ပွဲရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းပြရမယ် လို့ ရခိုင်အမျိုးသားပါတီဘက်ကပြောပါတယ်။

ပေါက်တော ဟာ ပုံမှန်အခြေအနေရှိတဲ့ နယ်မြေတစ်ခုဖြစ်တဲ့အကြောင်း ရခိုင် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဘီဘီစီကိုအတည်ပြုပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ရခိုင်မှာ မဲဆွယ်စည်းရုံးရေး ခက်ခဲ

NLD မနိုင်တဲ့နေရာတွေ

မဲဆွယ်စည်းရုံးရေးကာလမှာ နေပြည်တော်နဲ့ ရန်ကုန်ကနေ ပြန်လာကြတဲ့ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်းအချို့ဟာ ကွာရန်တင်းတောင် ဝင်ခဲ့ရပါသေးတယ်

ရခိုင်ပြည်နယ်ဟာ တိုက်ပွဲတွေနဲ့မငြိမ်းမချမ်းဖြစ်နေလို့ လုံခြုံရေးအကြောင်းပြချက်နဲ့ 4G အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကိုဗစ်ကြောင့် လူစုလူဝေးနဲ့ မဲမဆွယ်နိုင်ကြတဲ့ အခြေအနေမှာ အွန်လိုင်းကနေတောင် မဲဆွယ်ခွင့် မရခဲ့ကြတဲ့ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်လောင်းတွေဟာ အခုတော့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ရသေ့တောင်အမတ် ဒေါ်ခင်စောဝေ ဆိုရင် သူ့ဝင်ပြိုင်မယ့်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့အကြောင်းကို နောက်တစ်နေ့ရောက်မှ ဖုန်းနဲ့ဆက်သွယ်ပြီးစုံစမ်းရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

' အခုရွှေ့လိုက်တဲ့ နေရာတွေက ကျင်းပဖြစ်ရင် ကျွန်မတို့ပါတီက နိုင်မှာ' လို့ သူကအခိုင်အမာ ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုကို ရွေးကောက်ပွဲလုံး၀ မကျင်းပနိုင်တဲ့နယ်မြေတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့လို့ ရခိုင်အမျိုးသားပါတီဘက်က မေးခွန်းထုတ်မှုတွေဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊မြောက်ဦး နဲ့ ပေါက်တော မြို့နယ်တွေ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်တဲ့နေရာတွေဖြစ်တဲ့ လက်ရှိ နယ်မြေမအေးချမ်းတဲ့ ပလက်ဝနဲ့ အမတ်လောင်းတွေ အဖမ်းခံထားရတဲ့ တောင်ကုတ်လိုနေရာတွေမှာတော့ ရွေးကောက်ပွဲကျင်းပပေးမယ့် ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အပေါ် ရခိုင်အမတ်တွေသာမက နိုင်ငံရေးအကဲခတ်တွေကပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။

  

တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးအောက်တိုဘာ ၁၄ ရက်က အဖမ်းခံရ

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကလည်း မကျင်းပနိုင်ခဲ့တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက မြို့နယ် ၄ ခုနဲ့ မိုင်းလားက လွဲရင် ၂၀၂၀ မှာ ရွေးကောက်ပွဲလုံးဝမပြုလုပ်မယ့် မြို့နယ် ၁၀ ခုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးခဲ့တဲ့နေရာတွေဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲမလုပ်ဖို့ ကော်မရှင်ကဆုံးဖြတ်တဲ့ အပေါ်မေးခွန်းထုတ်ခံရတာဟာ ဖြစ်သင့်တဲ့ကိစ္စလို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း သူရှုံးခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲမလုပ်ဖို့ ကော်မရှင်က ဆုံးဖြတ်တဲ့ အပေါ်မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ဒီလိုရွှေ့ဆိုင်းတဲ့အပေါ် ကော်မရှင်အနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှာဖြစ်ပြီး အာဏာရပါတီနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၀ ခုအထိ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ အခြေအနေကို ပြည်နယ် ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘယ်လို အကြံပြုချက်တွေရှိခဲ့လဲလို့မေးပေမဲ့ အသေးစိတ်မဖြေခဲ့ပါဘူး။

အကြံပြုချက် တချို့ရှိခဲ့ပေမဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ အဆုံးအဖြတ်ဖြစ်တယ်လို့ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

တစ်ကျော့ပြန် ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဖို့မရှိဘူးလို့ပြေ

ရခိုင်လို တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိမရှိကို တပ်မတော်ကအဓိက အကြံပြုရတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အစိုးရကဖွဲ့ပေးထားတဲ့အဖွဲ့အစည်းဖြစ်လို့ ဘယ်လောက်အထိ လွတ်လပ်စွာဆောင်ရွက်နေလဲလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို ဘီဘီစီက မေးမြန်းခဲ့ရာမှာ

'ရွေးကောက်ပွဲကို ဘယ်သူ့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီးလုပ်နေတယ်' လို့ သူကပြန်ဖြေပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နေရာတွေကို ဆုံးဖြတ်တဲ့နေရာမှာ ပြည်နယ် အခြေစိုက်တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အားနည်းခဲ့တဲ့အကြောင်း ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် မှာရွေးကောက်ခံနေရာ ၃၄ နေရာမှာ ၁၈ နေရာလျော့သွား

နောက်ဆက်တွဲ ဘာတွေသက်ရောက်မလဲ

ရွေးကောက်ပွဲမကျင်းပနိုင်မယ့် ရခိုင်နဲ့ရှမ်းပြည်နယ်က မြို့နယ် ၁၀ ခု က ပြည်သူ့လွှတ်တော် ၁၀ နေရာ နဲ့ အမျိုးသားလွှတ်တော် ၇ နေရာ ဆုံးရှုံးခဲ့လို့ ရွေးကောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တဲ့အခါ မဲအရေအတွက် ၁၇ မဲ အထိ ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။

'တစ်မဲဆိုလည်း တစ်မဲ သိပ်သိသာတယ်' လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာအများစု အနိုင်ရခဲ့လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အများစုကိုယ်စားပြုနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီဟာလည်း ပြည်နယ်မဲဆန္ဒနယ် ၁၈ ခုအထိ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။

'ရခိုင်ပြည်နယ်လွှတ်တော်ကတော့ တော်တော်အားလျော့သွားမယ့်အနေအထားပါ' လို့ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေကပြောပါတယ်။

မြို့နယ် ၁၇ ခုပဲရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၀ ခုအထိ ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့ အခြေအနေကြောင့် ရွေးကောက်ခံ အမတ် ၁၄ ယောက်ပဲ ရခိုင်ပြည်နယ်လွှတ်တော်ကိုရောက်မှာဖြစ်ပါတယ်။

ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ မဲပေးပိုင်ခွင့်ဆုံးရှုံးရလို့စိတ်မကောင်းဖြစ်မိကြောင်း NLD ပါတီက မုံရွာအောင်ရှင်ကပြောပြီး သူတို့ရဲ့ကိုယ်စားပြုမှုအတွက် ကြားဖြတ်ရွေးကောက်ပွဲကိုပဲစောင့်ရတော့မယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ဘောင်ကျယ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးဘောင် ထပ်ကျဉ်းသွားတဲ့အတွက် အလားအလာမကောင်းဘူးလို့ ရခိုင်ဒေသရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကို ရေးသားနေတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

တိုက်ပွဲတွေကြုံနေရတဲ့ ရခိုင်ပြည်သူတွေဟာ သူတို့ကြုံနေရတဲ့ ဒုက္ခတွေကို ပြောပြဖို့ သူတို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အားနည်းသွားတာက စိတ်မကောင်းစရာလို့ ဒေါ်ခင်စောဝေကပြောပါတယ်။

'လွှတ်တော်က ကိုယ်စားမပြုရလည်း ကျွန်မတို့မှာပါတီရှိတယ်။ ပါတီကနေ ပြည်သူတွေအတွက်ဆက်ကြိုးစားမယ်' လို့ သူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54590066

နယ်မြေအေးချမ်းတဲ့နေရာတွေပါ ရွေးကောက်ပွဲမလုပ်လို့ ကော်မရှင်မေးခွန်းထုတ်ခံရ  နယ်မြေအေးချမ်းတဲ့နေရာတွေပါ ရွေးကောက်ပွဲမလုပ်လို့ ကော်မရှင်မေးခွန်းထုတ်ခံရ Reviewed by THITHTOOLWIN on 04:42 Rating: 5

No comments:

Powered by Blogger.