ကိုဗစ်ဖြစ်တဲ့ကိစ္စမှာ လင်းနို့တွေကို ဘာလို့ အပြစ်မတင်သင့်သလဲ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် လင်းနို့ဆီကတစ်ဆင့် ကူးစက်နိုင်ခြေကို လူအတော်များများက ကြားဖူးထားကြ

လက်ရှိတစ်ကမ္ဘာလုံးမှာလိုလို ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ တိရစ္ဆာန်တစ်မျိုးမျိုးကတစ်ဆင့် လူတွေဆီကို စတင်ကူးစက်လာခဲ့တာလို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပြောဆိုထားခဲ့ကြပြီး အဲဒီအထဲမှာ လင်းနို့ဆီကတစ်ဆင့် ကူးစက်နိုင်ခြေကို လူအတော်များများက ကြားဖူးထားကြပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် အကြီးအကျယ် စတင်ပြန့်ပွားတယ်လို့ ယူဆရတဲ့ နေရာဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်စာအဓိကရောင်းတဲ့ ဈေးတစ်ခုမှာ လင်းနို့တွေကို အစားအသောက်အဖြစ်ရောင်းချနေတဲ့ ဗီဒီယိုတွေနဲ့၊ တရုတ်လူမျိုးတွေက လင်းနို့စွပ်ပြုတ်စားနေတဲ့ ဗီဒီယိုတွေလည်း ကိုရိုနာကပ်ရောဂါအသွင် စဖြစ်ကာစ ကာလမှာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့အတွက်လည်း ဒီလို လင်းနို့ဆီက ကိုရိုနာကူးစက်နိုင်ခြေကို ကြားဖူးထားကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီ ဝူဟန်မြို့က လင်းနို့တွေ အစားအစာအဖြစ်ရောင်းတယ်ဆိုတဲ့ ဈေးရဲ့ ဗီဒီယိုတွေနဲ့ တရုတ်လူမျိုးတွေ လင်းနို့စွပ်ပြုတ်စားတယ်ဆိုတဲ့ ဗီဒီယိုတွေဟာ တရုတ်နိုင်ငံအတွင်းမှာတောင် ရိုက်ကူးထားတာ မဟုတ်တဲ့အပြင် လွန်ခဲ့တဲ့ သုံးလေးနှစ်က ဗီဒီယိုတွေဖြစ်နေကြောင်း ဘီဘီစီအပါအဝင် အခြားနိုင်ငံတကာ သတင်းဌာနာကြီးတွေက ပြန်လည်ဖော်ထုတ်ပေးခဲ့ကြပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

လင်းနို့ဆီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိတာ မှန်ပေမဲ့ သင်းခွေချပ်၊ တောရိုင်းကြောင်တစ်မျိုးဖြစ်တဲ့ civet cat စတဲ့ တောရိုင်းတိရစ္ဆာန်တွေက တစ်ဆင့်လည်း ကူးစက်နိုင်ခြေရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက နောက်ပိုင်းမှာ စစ်ဆေး အတည်ပြုတွေ့ရှိခဲ့ပြီး တကယ်တမ်း ဝူဟန်မြို့က တောရိုင်းတိရစ္ဆာန်တွေရောင်းတဲ့ဈေးထဲက တိရစ္ဆာန်တွေထဲမှာလည်း မျိုးရင်း ကိုရိုနာဗိုင်းရပ်စ်ရှိနေတာ မတွေ့ခဲ့ရပါဘူး။

ဒါပေမဲ့လည်း လူတွေရဲ့ လင်းနို့အပေါ် ကြောက်ရွံ့မှုကို ဖြေဖျောက်နိုင်ခဲ့ပုံမရဘဲ ပီရူး၊ အိန္ဒိယ၊ သြစတြေးလျ၊ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ လင်းနို့တွေ အစုလိုက် အပြုံလိုက် အသတ်ခံရတာ၊ ဒါမှမဟုတ် သတ်ဖို့ ကြံစည်ကြိုးစားကြတာ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်တာက မျိုးသုဥ်းနိုင်ခြေရှိတဲ့ လင်းနို့မျိုးစိတ်တွေအတွက် အန္တရာယ်ရှိတဲ့အပြင် လူတွေဆီကိုလည်း ရောဂါပိုးတွေ ပျံ့နှံ့မှု ပိုဆိုးသွားနိုင်ခြေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ဒေါက်တာ ဘူဂဟယ်ဟာ လင်းနို့တွေ နေထိုင်ရာ လိုဏ်ဂူတွေထဲကို မျက်နှာအပါအဝင် တစ်ကိုယ်လုံး ရောဂါပိုး ကာကွယ်ရေးဝတ်စုံဝတ်ပြီး လက်အိတ်သုံးထပ်စွပ်ကာ ကိုယ်တိုင်သွားရောက်ရ

လင်းနို့တွေကို ကြောက်ရွံ့ဖို့ထက် လေ့လာဖို့ ဘာကြောင့်လိုတာလဲ

ပြင်သစ်အခြေစိုက် နိုင်ငံတကာဖွံ့ဖြိုးမှုအတွက် စိုက်ပျိုးရေးသုတေသနအဖွဲ့ CIRAD က ဗိုင်းရပ်စ်ရှာဖွေရေး ပညာရှင် ဒေါက်တာ မက်သျူး ဘူဂဟယ်ဟာ ဇင်ဘာဘွေနိုင်ငံမှာ ဇင်ဘာဘွေတက္ကသိုလ်က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး လင်းနို့တွေရဲ့ ခန္ဓာကိုယ်မှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို လေ့လာပြီး အမျိုးအစားခွဲခြား သတ်မှတ်တဲ့ သုတေသနလုပ်နေသူ ဖြစ်ပါတယ်။

ဒီလို လေ့လာဖို့အတွက် ဒေါက်တာ ဘူဂဟယ်ဟာ သူလေ့လာရေး တာဝန်ကျတဲ့ ဒေသခံရွာတွေနားက လင်းနို့တွေ နေထိုင်ရာ လိုဏ်ဂူတွေထဲကို မျက်နှာအပါအဝင် တစ်ကိုယ်လုံး ရောဂါပိုး ကာကွယ်ရေးဝတ်စုံဝတ်ပြီး လက်အိတ်သုံးထပ်စွပ်ကာ ကိုယ်တိုင်သွားရောက်ရပါတယ်။

ဒေသခံရွာတွေဟာ ဒီလိုဏ်ဂူတွေကို အထွတ်အမြတ်နေရာတွေအဖြစ် အယူရှိကြတဲ့အတွက် သူဒီလိုသွားရောက်ဖို့ ရွာခံတွေကို ခွင့်တောင်းရတဲ့အပြင် ရွာခံတွေယူဆကြတဲ့ ဂူထဲက မမြင်ရသော ပုဂ္ဂိုလ်တွေအတွက်လည်း ပူဇော်ပသစရာတွေ ယူသွားရပါတယ်။

ကိုဗစ် ၁၉ ရဲ့ နောက်ဆုံး ပြောင်းလဲလာမှု

ဒေါက်တာ ဘူဂဟယ်က အခုလို သွားရောက်ပြီး ယူဆောင်လာတဲ့ ဗိုင်းရပ်စ်နမူနာတွေကို ဓာတ်ခွဲခန်းထဲမှာ သိပ္ပံပညာရှင်တွေက မျိုးရိုးဗီဇခွဲထုတ်ပြီး လေ့လာကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေဖြစ်တဲ့ SARS ရောဂါပိုးနဲ့ SARS-CoV-2 လို့ခေါ်တဲ့ ကိုဗစ်-၁၉ အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ပိုးတွေလည်း ပါဝင်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

CIRAD သုတေသနအဖွဲ့က အခုလို သုတေသန လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဲဒီလင်းနို့တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေ လူတွေကို ကူးစက်ပြီး ကျန်းမာရေးထိခိုက်လာရင် ဘယ်လို မြန်မြန်ကုသပေးရလဲ ဆိုတာကို လေ့လာဖို့အတွက် ဖြစ်ပါတယ်။

ဒေသခံရွာသားတွေကလည်း ဒီလိုဏ်ဂူတွေထဲက ငှက်ချေးတွေကို မြေသြဇာအဖြစ် အသုံးပြုဖို့ အဝင်အထွက်ရှိကြတဲ့အတွက် လင်းနို့တွေမှာ ရှိနေတတ်တဲ့ ရောဂါပိုးတွေအကြောင်း သိရှိထားဖို့ အရေးကြီးပါတယ်လို့ ဇင်ဘာဘွေတက္ကသိုလ်က ဒေါက်တာ အဲလိဇဘက် ဂိုရီက ပြောပါတယ်။

ဝတ်မှုန်ကူးဖို့အတွက် လင်းနို့တွေကို အားကိုးရတဲ့အပြင် လူတွေစိုက်ပျိုးတဲ့ အပင်တွေရဲ့ အဖျက်ပိုးတွေကို စားသောက်ပေး

လင်းနို့တွေရဲ့ လူတွေအပေါ် အကျိုးပြုမှု

လင်းနို့နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ သိပ္ပံပညာရှင်တွေဟာ “လင်းနို့တွေကို အပြစ်မတင်ကြပါနဲ့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လင်းနို့မျိုးစိတ် ထိန်းသိမ်းရေးကို ခြိမ်းခြောက်နေတဲ့ လင်းနို့တွေကို မိစ္ဆာကောင် တိရစ္ဆာန်သဖွယ် မှတ်ယူတဲ့ အယူအဆတွေကို တိုက်ဖျက်ဖို့ ကြိုးစားနေကြပါတယ်။

ဒီပညာရှင်တွေရဲ့ အပြောအရ လင်းနို့တွေဟာ လူတွေ နားလည်မှု အလွဲဆုံးနဲ့ တန်ဖိုးထားသင့်သလောက် အထားမခံရဆုံး သတ္တဝါတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

လင်းနို့သတ္တဝါတွေဟာ အမှန်တကယ် ဝေးဝေးလံလံ ပျံနိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တဝါဖြစ်ပြီး ရာနဲ့ချီတဲ့ အပင်မျိုးစိတ်တွေက မျိုးပွားရေး ဝတ်မှုန်ကူးဖို့အတွက် လင်းနို့တွေကို အားကိုးရတဲ့အပြင် လူတွေစိုက်ပျိုးတဲ့ အပင်တွေရဲ့ အဖျက်ပိုးတွေကို စားသောက်ပေးတဲ့အတွက် လယ်သမားတွေအတွက်လည်း အားကိုးရတယ်လို့ နိုင်ငံတကာ လင်းနို့ထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် သစ်သီးစားတဲ့ လင်းနို့တွေ ဆိုရင်လည်း အပင်မျိုးစိတ်တွေ ဖြန့်ကြက် ပေါက်ပွား ရှင်သန်ရေး အရေးပါတယ်လို့ ဆိုပါတယ်။

လင်းနို့တွေဆီက ရောဂါပိုး ကူးစက်တယ်ဆိုတာကလည်း လူတွေက လင်းနို့တွေ ကျက်စားရာနေရာတွေကို ကျူးကျော်နှောက်ယှက်မှု များလာလို့ဖြစ်

အသက်ရှင်ရပ်တည်ရေး ခြိမ်းခြောက်ခံနေရတဲ့ လင်းနို့တွေနဲ့ သတိပြန်ထားရမယ့် လူသားတွေ

လောလောဆယ်မှာတော့ လင်းနို့တွေဟာ သူတို့ ကျက်စားရာ နယ်မြေတွေ ဖျက်ဆီးခံရတာ၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုရဲ့ သက်ရောက်မှု ဒဏ်ခံရတာ အပါအဝင် တခြား မျိုးစိတ်ရပ်တည်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။

လင်းနို့တွေဆီက ရောဂါပိုး ကူးစက်တယ်ဆိုတာကလည်း လူတွေက လင်းနို့တွေ ကျက်စားရာနေရာတွေကို ကျူးကျော်နှောက်ယှက်မှု များလာတဲ့ အတွက်ကြောင့် အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လူတွေက သစ်တောမြေတွေ၊ မြက်ခင်းဒေသတွေကို မွေးမြူရေး တိရစ္ဆာန်တွေ ကျောင်းဖို့အတွက် မီးရှို့တာမျိုးတွေ၊ လမ်းနဲ့ နေစရာအတွက် မြေတိုးချဲ့တာတွေကြောင့် တောရိုင်းတိရစ္ဆာန်တွေမှာ ရှိနေတဲ့ ဗိုင်းရပ်စ်တွေက လူတွေကို ကူးစက်နိုင်ခြေ ပိုများလာတယ်လို့ ဆိုပါတယ်။

လက်ရှိခေတ်မှာ အသစ်ပေါ်လာတဲ့ ရောဂါပိုး လေးချိုး သုံးချိုးဟာ တိရစ္ဆာန်တွေက တစ်ဆင့် ကူးစက်တာ ဖြစ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

၂၀ဝ၂ ခုနှစ်မှာ တရုတ်နိုင်ငံမှာ စဖြစ်ခဲ့တဲ့ SARS ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုဆိုရင် လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကိုရိုနာကပ်ရောဂါ အခြေအနေအတွက် ကမ္ဘာကို ရှေ့ပြေးသတိပေးမှုလို့ ဆိုနိုင်ပြီး ဒီရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူ ၈၀ဝ နီးပါး သေဆုံးခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54591678

ကိုဗစ်ဖြစ်တဲ့ကိစ္စမှာ လင်းနို့တွေကို ဘာလို့ အပြစ်မတင်သင့်သလဲ  ကိုဗစ်ဖြစ်တဲ့ကိစ္စမှာ လင်းနို့တွေကို ဘာလို့ အပြစ်မတင်သင့်သလဲ Reviewed by THITHTOOLWIN on 04:46 Rating: 5

No comments:

Powered by Blogger.