မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၃၆,၀၂၅၊ သေဆုံး ၈၈၀

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်ကားမောင်းသူတွေကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၈၈၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၄၂ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ၈၈၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ၄၂ ယောက်ထဲက ၂၇ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၁၅၀ ရှိတဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၆,၀၂၅ ယောက်ရှိပြီလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၃၀၇ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၁,၁၅၀ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို တိုးလုပ်လာနေသလို ပိုးတွေ့ရှိသူတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။

မနေ့ကတော့ COVID-19 ရောဂါကူးစက်သူ ၁,၃၈၇ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁,၀၆၃ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပဲခူးတိုင်းက ၇၀ နဲ့ ဒုတိယအများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ၆၉ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသူ နောက်ထပ် ၇၀၆ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ၁၇,၀၇၆ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-oct18/5626053.html

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၃၆,၀၂၅၊ သေဆုံး ၈၈၀ မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၃၆,၀၂၅၊ သေဆုံး ၈၈၀ Reviewed by THITHTOOLWIN on 04:36 Rating: 5

No comments:

Powered by Blogger.