အရင်းအနှီးကြီးတဲ့ တောင်ကုတ် ရွေးကောက်ပွဲ

တောင်ကုတ်က ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတချို့ကတော့ ပြိုင်ဘက်တွေအဖမ်းခံထားရတဲ့အခြေအနေမှာ ယှဉ်ပြိုင်ရတဲ့အတွက် စိတ်မသန့်ဘူးလို့ ပြောပါတယ်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် တောင်ကုတ်ကဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးဟာ အောက်တိုဘာ ၁၄ ရက်မှာ မဲဆွယ်စည်းရုံးနေရင်း အဖမ်းခံခဲ့ရပါတယ်။

ဒါပေမဲ့ အမတ်လောင်းတွေ အဖမ်းခံရပြီး နှစ်ရက်အကြာမှာ ထုတ်ပြန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ရွေးကောက်ပွဲလုံးဝမလုပ်မယ့်စာရင်းမှာ တောင်ကုတ်ပါမလာခဲ့ပါဘူး။

ကော်မရှင်ဟာ တောင်ကုတ်မြို့နယ်ထဲက မြို့ပေါ်ရပ်ကွက် ၄ ခုနဲ့ပဲ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ရပ်ကွက် (၁၀) ခုနဲ့ ကျေးရွာအုပ်စု (၅၂) စု မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းတွေအဖမ်းခံထားရပြီး ရပ်ကွက် ၄ ခုကပဲ တောင်ကုတ်မြို့နယ်တစ်ခုလုံးရဲ့ ပြည်သူ့ကိုယ်စားလှယ်(၃)နေရာစာကို ဆုံးဖြတ်မှာဖြစ်လို့ တောင်ကုတ်က ရွေးကောက်ပွဲဟာ အရင်းအနှီးကြီးလှပါတယ်။

NLD အောင်မြေ

တောင်ကုတ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းကျော်ရှိပေမယ့်လို့ သိမ်တောင်၊ ကံပိုင်၊ ဂူတာနဲ့ ချောင်းကောက် ဆိုတဲ့ ရပ်ကွက်(၄)ခုက လူ နှစ်သောင်း တစ်ထောင်ကျော်ကပဲ တောင်ကုတ်ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမှာပါ။

တောင်ကုတ်အမှတ်(၂)မဲဆန္ဒနယ် ထဲမှာပါဝင်တဲ့ ဒီရပ်ကွက် ၄ ခု ကပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမှတ်(၁၂)ကိုယ်စားလှယ်၊တောင်ကုတ် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တောင်ကုတ် အမှတ်(၂) ကိုယ်စားလှယ်နေရာတွေကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ တောင်ကုတ်အမှတ်(၁)မဲဆန္ဒနယ်တစ်ခုလုံးကတော့ ရွေးကောက်ပွဲရွှေ့တဲ့အထဲပါသွားတာဖြစ်ပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာ တောင်ကုတ်ဟာ NLD အနိုင်ရတဲ့ နေရာအနည်းစုထဲက တစ်ခုဖြစ်ပါတယ်။


ရခိုင်တစ်ပြည်နယ်လုံးမှာ တောင်ကုတ်ဟာ NLD အနိုင်ရတဲ့ နေရာအနည်းစုထဲက တစ်ခုဖြစ်ပါတယ်။

ဖြစ်ချင်တော့ ဒီရပ်ကွက် ၄ ခုဟာ ၂၀၁၅ မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာအများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ က တောင်ကုတ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှုံးပါတယ်။

တောင်ကုတ်အမှတ်(၁)မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကပ်ရှုံးပေမယ့် တောင်ကုတ်အမှတ်(၂) မှာတော့ ရခိုင်အမျိုးသားပါတီဟာ ပြည်ခိုင်ဖြိုးအမတ်ထက်တောင် မဲလျော့ခဲ့ပြီး တတိယနေရာမှာပဲရှိခဲ့တာပါ။

ဒါကြောင့် ရခိုင်အမျိုးသားပါတီဘက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရခဲ့တဲ့ ရပ်ကွက် ၄ ခုမှာပဲ ဖြစ်အောင် ကျင်းပတဲ့ရွေးကောက်ပွဲကို ဝေဖန်ခဲ့ကြပါတယ်။

တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဖေကြွယ်က သူတို့ပါတီအားကောင်းတဲ့ တောင်ကုတ်အမှတ်(၁)မဲဆန္ဒနယ် ဖျက်သိမ်းခံရပြီး အမှတ် (၂)မှာ ပြိုင်ရမယ့်အခြေအနေကို အခုလိုပြောပါတယ်။

'ကြိုးတုပ်ပြီး ပြိုင်ခိုင်းသလိုပါပဲဗျာ' လို့ သူကပြောပါတယ်။

အာဏာရပါတီ ဘက်ကတော့ ဒီကိစ္စဟာ သူတို့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူတို့ရရှိတဲ့အချက်အလက်အရ ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ ပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင်ကပြောပါတယ်။

ကွင်းကျဉ်းကျဉ်း ပွဲကျပ်ကျပ်

တောင်ကုတ်အမှတ်(၁)မဲဆန္ဒနယ်တစ်ခုလုံးကတော့ ရွေးကောက်ပွဲရွှေ့တဲ့အထဲ ပါသွားလို့ အဲ့ဒီကဝင်ပြိုင်မယ့် ကိုယ်စားလှယ်ခုနစ်ဦးကတော့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ရတော့မှာပါ။

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမှတ်(၁၂)အတွက် ကိုယ်စားလှယ်လောင်း ၄ ဦး၊ တောင်ကုတ်မြို့နယ်ပြည်သူ့လွှတ်တော်အတွက် ၄ ဦး၊ ပြည်နယ်လွှတ်တော် အမှတ်(၂) အတွက် ၅ ဦး ဝင်ပြိုင်ကြမှာပါ။ ဒါ့အပြင် ချင်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းက ၈ ဦးအထိ ဝင်ပြိုင်ထားပါတယ်။

ဖမ်းခံရတဲ့ အမတ်လောင်းသုံးဦးထဲမှာ ဦးမင်းအောင်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဟောင်း ဖြစ်ပါတယ်။

တောင်ကုတ်အမှတ်(၂)မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ်မိတ်ဆွေဟောင်း ဒေါက်တာတင်မာအောင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြိုင်မှာဖြစ်လို့ ပြိုင်ဘက်တွေအတွက် ပွဲကျပ်ပါတယ်။

ကျန်တဲ့နေရာတွေကတော့ ပြိုင်ဘက်တွေကြား တစ်ဦးနဲ့တစ်ဦး လူပုဂ္ဂိုလ်အရကွာခြားမှုမရှိလို့ ပါတီကပဲ အဆုံးအဖြတ်ပေးနိုင်တယ်လို့ တောင်ကုတ်မြို့က နိုင်ငံရေးစိတ်ဝင်စားသူတွေက ခန့်မှန်းပါတယ်။

လူအများစုမဲပေးခွင့်မရဘဲ လူနည်းစုကသာ အဆုံးအဖြတ်ပေးမှာဖြစ်လို့ မဲဆန္ဒနယ်တစ်ခုလုံးကို ကိုယ်စားမပြုတာကြောင့် တရားမမျှတဘူးလို့ ရခိုင်အမျိုးသားပါတီအမတ်လောင်းတွေက ဝေဖန်သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲစနစ်အရ ဒီလိုလူနည်းစုကပဲရွေးချယ်ပြီး အနိုင်ရလာရင်လည်း ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရလိမ့်မယ်လို့ ရခိုင်ပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောပါတယ်။

'မဲရုံတစ်ရုံတည်း ကျင်းပခွင့်ရလို့နိုင်သွားရင်လည်း ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုရမှာပဲ' လို့ သူကပြောပါတယ်။

လွတ်လပ်ပြီးတရားမျှတနိုင်ပါ့မလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ပြိုင်မယ့် လက်ရှိတောင်ကုတ်ကိုယ်စားလှယ်လောင်းတွေကို ရခိုင့်တပ်တော် အေအေက ဖမ်းထား တာကလည်း တောင်ကုတ်ကရွေးကောက်ပွဲအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနေပါတယ်။

တိုက်ပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ တောင်ကုတ်မှာ မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့ NLD ပါတီက အမတ်လောင်း ဒေါ်နီနီ မေမြင့်၊ ဦးမင်းအောင်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို အေအေက အောက်တိုဘာ ၁၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်က တောင်ကုတ်က ဝင်ပြိုင်မယ့် တခြားကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် စိတ်မချမ်းမြေ့စရာဖြစ်ရပါတယ်။

'သူတို့အတွက် တော်တော်စိတ်မကောင်းဖြစ်ရတယ်' လို့ ရခိုင်အမျိုးသားပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မယ့် ဒေါ်လှသက်စိုးကပြောပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့ချိန် အမတ်လောင်းတွေကို ခုလို လက်နက်ပြ ခြိမ်းခြောက်ဖမ်းဆီးမှုက ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ထိခိုက်စေသလို ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲအကြမ်းဖက် လုပ်ရပ်လို့ အာဏာရပါတီဘက်က ထုတ်ဖော်ပြောကြား ထားပါတယ်။

ရခိုင်မှာ တရားမျှတမှုနဲ့ အမှန်တရား ပျောက်ဆုံးနေပြီး ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာလည်း ဝေခွဲရခက်သွားပြီ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

"အခြေအနေက တော်တော်ဆိုးသွားပြီ။ ဒီမှာလူတွေဟာ ချောင်ပိတ်ပြီးတော့ နိုင်ငံရေးထွက်ပေါက်မရှိတော့ဘူး။ အေးဆေးဆေးဆေးနဲ့ တွေးခေါ်နိုင်တဲ့အနေအထားလည်းမရှိဘူး။ ဆင်းရဲသားတွေကလည်း တစ်နေ့ တစ်နေ့ ဘယ်လိုထမင်းစားရမလဲ။ ဗုံးဆံ လာမှာလား။ အမြောက်ကြီးတွေ ထိမှာလားပေါ့။ ဒီလိုတွေကြားထဲမှာ အခုဖြစ်တဲ့ကိစ္စက စိတ်မကောင်းစရာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ အမှိုက်ပုံကြီးထဲမှာ အမှိုက်ကလေး တစ်စလို့ပဲ မြင်တယ်" လို့ သူကပြောပါတယ်။

နေရာအနည်းငယ်မှာပဲ ရွေးကောက်ပွဲကျင်းပနိုင်မယ့်အနေအထားက ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။

မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ်တစ်ခုလုံးရွေးကောက်ပွဲကျင်းပလို့ရတာ မာန်အောင်၊ ရမ်းဗြဲ၊ ဂွနဲ့ သံတွဲ (၄) မြို့နယ်ပဲရှိနေတာပါ။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ အနိုင်ရခဲ့တဲ့ ၉ မြို့နယ်မှာ လုံးဝရွေးကောက်ပွဲကျင်းပမှာ မဟုတ်ပါဘူး။ အဲဒီမြို့နယ်တွေကပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ်တွေဖြစ်ပါတယ်။

ပြည်နယ်မြို့တော် စစ်တွေ အပါအဝင် ကျောက်ဖြူ၊ အမ်းနဲ့ တောင်ကုတ် မြို့နယ်တွေမှာတော့ တစ်စိတ်တစ်ပိုင်းပဲရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။

ဒေါ်လှသက်စိုးကတော့ ပြိုင်ဘက်တွေအဖမ်းခံထားရတဲ့အခြေအနေမှာ ယှဉ်ပြိုင်ရတဲ့အတွက် စိတ်မသန့်ဘူးလို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင် ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်အတိုင်းပဲ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့နယ်မြေတွေကို ကြေညာတာနဲ့ပတ်သက်လို့ ဝေဖန်ခံနေရပါတယ်။ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်သုံးသပ်ဖို့ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင် လွတ်လပ်စွာမဲဆွယ်စည်းရုံးပိုင်ခွင့်နဲ့ မဲဆန္ဒရှင်တွေအနေနဲ့သူတို့မဲပေးချင်တဲ့လူကို ဖိအားကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်မဲပေးခွင့်ရဖို့က အရေးကြီးတယ်လို့မှတ်ချက်ပြုပါတယ်။

'အဲ့ဒီလို မှအာမခံချက်မပေးနိုင်ရင် ရွေးကောက်ပွဲက ရွေးကောက်ပွဲ လုပ်တာပဲရှိမယ်' လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54641300

အရင်းအနှီးကြီးတဲ့ တောင်ကုတ် ရွေးကောက်ပွဲ အရင်းအနှီးကြီးတဲ့ တောင်ကုတ် ရွေးကောက်ပွဲ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.