ရခိုင်ပြဿနာကို နိုင်ငံရေးပြဿနာ အဖြစ် NLD ရှုမြင်

ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်။ (ဓါတ်ပုံ - courtesy photo/NLD)

AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကို NLD ပါတီဖက်က လိုက်လျောဖို့ မရှိသလို၊ ဖမ်းဆီးထားတဲ့ NLD ကိုယ်စားလှယ်လောင်းသုံးဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပါတီရဲ့ ရပ်တည်ချက်သဘောထားကို အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက် နဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ။ ။ ကျနော်တို့ နိုင်ငံရေးပါတီတခုအနေနဲ့ မိမိရဲ့ ရပ်တည်ချက်ကို ပြည်သူတွေ သိရှိအောင် ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီ ကိုယ်စားလှယ် ၃ ဦးကို မေးမြန်းစရာရှိတယ်ဆိုပြီးတော့ AA က ဖမ်းဆီးထားတယ်ဆိုပြီးပြောတယ်။ သို့သော် စတင် ဖမ်းဆီးစဉ်ကတည်းက ရိုက်နက်ထုထောင်း ၊ နှိတ်စက်တာတွေရှိပါတယ်။ နောက်ပြီးတော့ သူတို့ဟာ စစ်သုံ့ပန်းတွေ မဟုတ်ပါဘူး။ စစ်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ မဟုတ်ပါဘူး။ လဲလှယ်ပေးဖို့ တောင်းဆိုတဲ့သူတွေကလည်း ဥပဒေနဲ့အညီ တရားရုံးမှာ ခုခံချေပခွင့်ရပါတယ်။ တရားသူကြီးကနေပြီးတော့ ဆင်ချင်တုံတရားအရ အပြစ်ရှိတယ်ဆိုပြီး အပြစ်ပေးထားတာဖြစ်ပါတယ်။ ဒါမျိုးကို ကျနော်တို့က အလဲအလှယ်လုပ်လို့ မရနိုင်ပါဘူး။ ဒီလိုတောင်းဆိုမှုတွေ လုပ်မယ့်အစား ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့ဆရာရေ ဒီအပေါ်မှာ AA အနေနဲ့ ဘယ်လိုတုံ့ပြန်လာမယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ဒါကတော့ သူ့အနေနဲ့ နိုင်ငံရေးကို ရှေးမျှော်တွေးမယ်ဆိုရင်တော့ လွှတ်ပေးနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လက်နက်အားကိုးနဲ့ ကိုယ့်လက်ထဲရထားတဲ့ ဓါးစာခံသဘောမျိုးထားမယ်ဆိုရင်တော့ ဒါသူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ဆရာ ။ အခု သူတို့ အဖမ်းခံရတာ တပတ်ကျော်လာပြီပေါ့နော် တစုံတရာ ဆက်သွယ်မှု ကြိုးပမ်းမှုတွေရော ဘယ်လိုအနေအထားရှိသလဲဆရာ။

ဖြေ။ ။ တဖက်က ဆက်သွယ်လာမှသာ ကျနော်တို့အကြောင်းသိရမှာပါ။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ အဖွဲ့အစည်းကို တရားဝင် နိုင်ငံရေးပါတီတခုက ဆက်သွယ်လို့ မရပါဘူး။ ဒါကို ဥပဒေက တားမြစ်ထားပါတယ်။

မေး။ ။ဟုတ်ကဲ့ဆရာ အစိုးရဘက်ကရော ဘယ်လို လုပ်ပေးနေတဲ့အနေအထားရှိသလဲဆရာ။ ဆရာတို့ NLD က အစိုးရဖြစ်နေတော့လေ။

ဖြေ။ ။ဒါပေမယ့် အစိုးရက အစိုးရ သပ်သပ်၊ လုပ်ငန်းမတူပါဘူး။ ကျနော်တို့ကတော့ ပါတီသဘောထားနဲ့ ရပ်တည်ချက်ကို ထုတ်ပြောတာပဲ ကျနော်တို့ တတ်နိုင်ပါတယ်။

မေး။ ။ဟုတ်ကဲ့ ဒီ ကာကွယ်ရေးဘက်က အပိုင်းကရော ပူးပေါင်းဆောင်ရွက်မှုအနေအထား။

ဖြေ။ ။အခုအထိကတော့ တပ်မတော်ကလည်း ဘာမှ ထုတ်ပြန်တာမရှိတဲ့အတွက် ကျနော်တို့ ဘာမှ မပြောနိုင်ပါဘူး။

မေး။ ။ ဟုတ်ကဲ့ အထူးသဖြင့်တော့ ရွေးကောက်ပွဲ ကာလမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေလည်း ကြုံနေတဲ့ ကာလပေါ့နော် ဆရာ ။ အဲဒီတော့ ဘယ်လိုမျိုး ဒီကိစ္စကို ကိုင်တွယ်သင့်တယ်လို့ ထင်သလဲ။

ဖြေ။ ။ဒါကတော့ အခြေခံမှာ ရခိုင်ပြည်မြောက်ပိုင်းပြဿနာကတော့ နိုင်ငံရေးပြဿနာ ပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စိတ်အားထက်သန်စွာ ဆန္ဒအပြည့်နဲ့ ဖြေရှင်းနိုင်တယ်ဆိုရင် ဒီညီနှောင်သားချင်းတွေ အဖြေမရနိုင်စရာ မရှိပါဘူး။ နိုင်ငံရေးပြဿနာကို လက်နက်နည်းနဲ့ ဖြေရှင်းတဲ့အတွက် ဒီအကျိုးဆက်တွေ ဖြစ်လာတာပဲ။

မေး။ ။ ဟုတ်ကဲ့ဆရာ။ တဖက်က AA ကို အကြမ်းဖက် အဖွဲ့အနေနဲ့ သတ်မှတ်ထားတယ်ပေါေ့နာ်။ ပြီးခဲ့တဲ့ ပင်လုံညီလာခံမှာလဲ မဖိတ်ခဲ့တဲ့ အနေအထားမှာ ဘယ်လိုမျိုး စုံစည်းနိုင်တဲ့အနေအထားမျိုးလို့ ဆရာ တွက်ဆမိသလဲ။

ဖြေ။ ။ AAဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ပါတယ်။ အဲဒီမှာ AA အဆိုပြုချက်တွေကို သူတို့ ယူလာလို့ ရနိုင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ အခုနောက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့လည်း မဆုံဖြစ်ကြဘူးပေါ့နော်။ အခုနောက်ဆုံးပြီးခဲ့တဲ့ ပင်လုံညီလာခံတုန်းကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မလာခဲ့ဘူးပေါ့နော်။ တဖက်ကလည်း AA ကို မဖိတ်တာလည်း သူတို့ အကြောင်းပြချက်တခုအနေနဲ့ ပြောကြပါတယ်ဆရာ။ ဒီအနေအထားကို ဘယ်လိုကျော်လွှားဖို့ ဆရာတို့ စဉ်းစားထားတာ ရှိပါသလဲ

ဖြေ။ ။ဒါကတော့ ကျနော်တို့ ဆန္ဒရှိတယ်ဆိုရင် မလုပ်လို့ မဖြစ်နိုင်စရာမရှိပါဘူး။ ဘယ်လို ဘယ်ပုံ လုပ်မယ်ဆိုတာကတော့ ဒါကတော့ငြိမ်းချမ်းရေးအတွက် အဓိက တာဝန်ယူနေတဲ့လူတွေကိုပဲ မေးသင့်ပါတယ် ကျနော်တို့တွေကတော့ ဒီလောက်အထိ ထဲထဲဝင်ဝင်မပြောနိုင်ပါဘူး။

မေး။ ။ဟုတ်ကဲ့ AA ဘက်ကလည်း ကြေညာချက်ထုတ်တယ်ပေါ့ဆရာ အဲဒီအပေါ်မှာအခု ဆရာတို့ကလည်း ကြေညာချက် တခု ပြန်ထုတ်တယ်ပေါ့ဆရာ အဲဒီ ၂ ခုရဲ့ ဒီအသွားအလာ အနေအထားမှာ ဘာဖြစ်လာဖို့ဆရာ မျှော်လင့်ထားသလဲ။

ဖြေ။ ။ သူတို့ရဲ့ နိုင်ငံရေးအမျှော်အမြင်ကို မူတည်ပြီးတော့ ဒီရလဒ်က ဖြစ်လာပါလိမ့်မယ်ခင်ဗျ။ ပြဿနာတခုဆိုတာက ကြာလာပြီဆိုရင် ပိုပြီးပွားလာတဲ့ သဘောရှိပါတယ်။ အဲဒီတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ နှောင့်နှေးလာတာနဲ့ အမျှ ပြဿနာက ပိုကြီးလာမယ် ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

မေး။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ရွေးကောက်ပွဲ ကာလ ၊ COVID ကာလနဲ့ ကြုံနေရတဲ့ အတွက်ရော ပိုနှောင့်နှေးမယ့်အနေအထားကိုရော စိုးရိမ်မိလား၊ ဘယ်လိုအကြံပေးချင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ နဲ့ COVID နဲ့ပဲ ဆိုင်ပါတယ်။ အခု ဒီရခိုင်ပြည်မြောက်ပိုင်း မှာဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခကတော့ COVID နဲ့ များများသက်ဆိုင်မှု မရှိပါဘူးခင်ဗျ။

မေး။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ အားလုံးငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 


၀င်းမင်း/VOA (Burmese)

https://burmese.voanews.com/a/rakhin-aa-arrest-nld-representative-/5631061.html

ရခိုင်ပြဿနာကို နိုင်ငံရေးပြဿနာ အဖြစ် NLD ရှုမြင် ရခိုင်ပြဿနာကို နိုင်ငံရေးပြဿနာ အဖြစ် NLD ရှုမြင် Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.