ဖခင်ဖြစ်သူနဲ့ ဖောင်ကြီးမှာ အတူတွေ့ရတဲ့ ကိုနေလင်းထိုက်
ကိုနေလင်းထိုက် အသက်၄၁ နှစ်ဟာ ရန်ကုန်မြို့နဲ့ မိုင်၂၀ ကျော်လောက်ဝေးတဲ့ ဖောင်ကြီးကိုဗစ်ကုသရေးစင်တာ မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး ရောက်ရှိလာခဲ့ပြီး၁၄ ရက်ကြာနေထိုင်ခဲ့သူဖြစ်ပါတယ်။
သူ့ဟာ ကိုဗစ်ရောဂါ ကူးစက်ခံရသူတစ်ဦးမဟုတ်ပေမဲ့ ရောဂါကူးစက်ခံထားရတဲ့ အသက်၇၅ နှစ်အရွယ် အဖေကိုစောင့်ရှောက်ဖို့ ခွင့်တောင်းပြီး ဖောင်ကြီးကိုလိုက်လာခဲ့သူပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ သူ့အဖေက ဆေးရုံက ဆင်းခွင့်ရပေမဲ့ သူကအဖေနဲ့အတူမပြန်ရဘဲ ကျန်ခဲ့ပါတယ်။
လူနာဆောင်ထဲမှာနေပြီး သူ့အဖေကို အနီးကပ်ပြုစုခဲ့တဲ့ သူကိုတော့ ရောဂါရှိသူနဲ့ အနီးကပ်နေခဲ့သူဖြစ်လို့ လှည်းကူးမှာ ကွာရန်တင်းဝင်ပြီး ရောဂါပိုး ရှိမရှိ ထပ်စစ်ရမယ်လို့ ကျန်းမာရေးဌာန က တာဝန်ရှိသူတွေက ညွှန်ကြားခဲ့လို့ဖြစ်ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ သူရဲ့တို့ဖတ်နမူနာ အဖြေရခဲ့ပြီး ရောဂါပိုး မရှိဘူးဆိုတာ သိရပြီး အိမ်ပြန်ခွင့် ရပြီဖြစ်တယ်လို့ ကိုနေလင်းထိုက် ကဘီဘီစီကို ပြောပါတယ်။
ဖောင်ကြီးကုသရေးစင်တာတောင်ဒဂုံမှာနေတဲ့ ကိုနေလင်းထိုက်အဖေဟာ အသက်၇၅ နှစ်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်နေ့မှာ မောပြီး လမ်းမလျှောက်နိုင်တော့လို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ကိုနေလင်းထိုက်နဲ့ အတူ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ကိုဗစ် သံသယလူနာ အဖြစ်နဲ့ သူတို့ သားအဖ ၃ ရက်လောက် ကြာခဲ့ပါတယ်။ စက်တင်ဘာ၂၂ ရက်နေ့ညမှာတော့ သူ့အဖေမှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး ဖောင်ကြီးကုသရေးစင်တာ ကိုပို့ရမယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ ပြောလာတဲ့ အချိန်မှာ သူဟာ ဖောင်ကြီးကို လိုက်ဖို့ ခွင့်တောင်းခဲ့တယ်လို့ သူကပြောပါတယ်။
"အဖေက ဒူးနာနေတော့ လမ်းကောင်းကောင်းမလျှောက်နိုင်တာ ၁၇ နှစ်ရှိပြီ ၊သူက လူတစ်ယောက် အကူညီလိုတယ်လေ၊ ဒါကြောင့် သူကို ပေါ့စတစ်လို့ လာပြောပြီး ဖောင်ကြီးကိုသွားရမယ် ဆိုတဲ့အချိန်မှာ ကျွှန်တော်က ဆေးရုံအုပ်ကြီးကို ကျွှန်တော်လိုက်မှ ဖြစ်မှာပါလို့ တောင်းပန်ပြီးလိုက်ခဲ့တာပါ၊ဆေးရုံ အုပ်ကြီးကလည်း အဲဒီလိုလိုက်နေရင် ကူးစက်မှုဖြစ်လာနိုင်တာတွေရှင်းပြပြီး သူက ခွင့်ပြုပေးတာနဲ့ လိုက်ခဲ့တာပါလို့" သူကရှင်းပြပါတယ်။
"သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ အဖေ့နောက်ကို ကျွန်တော်လိုက်မယ်ဆိုတော့ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေကို စက်တင်ဘာလ ၂၂ ရက်နေ့က ယူလိုက်တယ်၊အဲ့ဒီအချိန်က အဖေကို တစ်ယောက်တည်းထားခဲ့ရမှာစိုးတာနဲ့ ကိုဗစ်ရောဂါ ကူးပါစေလို့ ဆုတောင်းခဲ့မိတယ်"လို့ သူကပြောပါတယ်။
ကိုဗစ် ကုသရေးစင်တာက ကျန်းမာရေးဝန်ထမ်းများရန်ကုန် ပဲခူး ကားလမ်းမကြီးဘေးက ဖောင်ကြီး ကုသရေးစင်တာ ပိတောက်ဆောင်ကိုတော့ သူတို့သားအဖဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ညဘက်မှာ ရောက်လာခဲ့တာဖြစ်ပါတယ်။
ဖောင်ကြီး ကုသရေးစင်တာ ဟာပြီးခဲ့တဲ့ ဧပြီလတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လူနာတစ်ထောင်ကျော် ကုသနိုင်တဲ့ ရန်ကုန်မြို့က အကြီးဆုံး ကိုဗစ် ကုသရေးစင်တာ တစ်ခု ဖြစ်ပါတယ်။
ကိုနေလင်းထိုက်နေတဲ့ ဖောင်ကြီးကုသရေးစင်တာ ပိတောက်ဆောင် အမှတ် ၁ မှာ ကိုဗစ်လူနာ ၁၉ ဦးခန့်နဲ့ တစ် ခုတင်စီ နေခဲ့ရတယ်လို့လည်း သူကပြောပါတယ်။
"ကျွန်တော်နေတဲ့ တစ်ဆောင်လုံးက ပေါ့စတစ်တွေချည်းပါပဲ ၊အဖေကို ပြုစုဖို့လိုက်လာတာဆိုတော့ အဖေ့ ခုတင်ဘေးမှာ ပဲနေရတယ်၊ သီးသန့်နေလို့တော့ ဘယ်ရမလဲ၊ ကျွန်တော် ခုတင်တစ်လုံး ယူပြီး အဲဒီမှာ နေတယ် ၊အဲဒီမှာ စားတယ်၊ အဖေ့ကို ပြုစုတယ်လို့ ပီပီအီးတွေဘာတွေလည်း မဝတ်ရပါဘူးလို့" ကိုနေလင်းထိုက်က ပြောပြပါတယ်။
ဖောင်ကြီး ကိုဗစ်လူနာဆောင်ထဲမှာ ကိုဗစ်ရောဂါသည် အဖေကို ပြုစုနေတဲ့ ကိုနေလင်းထိုက်ကိုနေလင်းထိုက်ဟာ အရင်က ကားဝယ်ရောင်းအလုပ်ကိုလုပ်ပြီးတော့ ခရီးဆောင် အိတ်တွေ ရောင်းတဲ့ လုပ်ငန်း လုပ်ကိုင်ရင်း တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။
"ဖောင်ကြီးမှာနေတုန်း အဖေက နည်းနည်းတုန်တုန်ချည့်ချည့်ဖြစ်တယ်၊သူ့ကို ထမင်းကျွေးရတယ်၊ ရေပတ် တိုက်ပေးရတယ် ၊ကိုယ်ပူရင် ဆေးတိုက်ရတယ်၊ ဒိုင်ဗာတွေ လဲပေးရတယ်၊ သူက ထိုင်နေရင်းတောင် နောက်ပြန်လဲတက်လို့ အတော့်ကို သတိထားရတယ် ရောဂါ ကူးခံရနိုင်ပေမယ့် ဒီလိုပဲ နီးနီးကပ်ကပ်ပြုစုခဲ့ရတယ်လို့ "သူ ကရှင်းပြပါတယ်။
ဖောင်ကြီး ပိတောက်ဆောင် ၁ မှာနေထိုင်ပြီး ကိုနေလင်းထိုက်ဟာ အဖေကိုပြုစုနေစဥ် အတောအတွင်း ဖျားနာတာ ၊အနံ့ပျောက်တာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
"ကျွန်တော် နှာခေါင်းစည်းကို အမြဲတမ်း တပ်ထားတယ်၊ ထမင်းစားတာနဲ့ ရေသောက်ချိန်က လွဲလို့ နှာခေါင်းစည်းကို အမြဲတမ်းတပ်တပ်တယ်၊ လက်ကို သတိရတိုင်းဆေးတယ်၊ မကြာမကြာ ဆေးတယ်လို့ ဖောင်ကြီးမှာနေစဥ် သူ့အတွေ့အကြုံကိုပြောပြပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ ဦးအောင်မြင့်ဆေးရုံက ဆင်းခဲ့အောက်တိုဘာ ၁ ရက်နေ့မှာတော့ ကိုနေလင်းထိုက် အဖေ ဦးအောင်မြင့်ဆေးရုံက ဆင်းခွင့်ရဖို့ ရက်ပိုင်အလို အချိန်မှာတော့ သူ့ရဲ့ အာခေါင်တို့ဖတ် အဖြေက နဂေးတစ် ပိုးမတွေ့ဘူးဆိုပြီး အကြောင်းပြန်တယ်လို့ သူကပြောပါတယ်။
အဖြေက သူ့မှာ ပိုးမတွေ့ပေမဲ့လည်း သူကတော့ အိမ်ပြန်လို့မရသေးဘဲ လှည်းကူး ကွာရန်တင်းစင်တာ ကိုရောက်လာခဲ့တာဖြစ်ပါတယ်။
"အဖေ့ကို ဒီတစ်ခါ အိမ်ပြန်ဖို့ရာကြတော့ အိမ်မှာ ညီနဲ့ အမ ရှိတော့ သိပ်စိတ်မပူတော့ဘူး၊ အဲဒါနဲ့ ကျွန်တော် လှည်းကူး ကွာရန်တင်းစင်တာကို အောက်တိုဘာလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိတစ်ပတ် ဆက်နေခဲ့ရတယ်လို့ သူကပြောပါတယ်။
တောင်ဒဂုံ သူ့အိမ်ကနေ စက်တာဘာလ ၂၀ ရက်နေ့ကတည်းက ထွက်လာလိုက်တာအခုဆိုရင် တစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ဖောင်ကြီးမှာ ကိုဗစ်လူနာတွေ အပြင်းအထန်ခံစားခဲ့ရသူတွေကို ကိုယ်တွေ့ကြုံခဲ့တာမို့ ဒီရောဂါကို မပေါ့ဆကြဖို့ သူကပြောပါတယ်။
သူ့အနေနဲ့ ကတော့ ဖောင်ကြီးမှာ ကိုဗစ်လူနာတွေနဲ့ ၁၄ ရက်နေခဲ့ပြီး သူကို တို့ဖတ်နမူနာ ယူတဲ့အခါမှာတော့ စိုးရိမ်မှုရှိခဲ့တယ်လို့ သူကပြောပါတယ်။
ဖောင်ကြီးမှာနေခဲ့တာရက်ပေါင်းကလည်း မနည်းဘူး ၊ထိတွေ့ဆက်ဆံခဲ့တာ ရောဂါရှိသူတွေကလည်းမနည်းဘူး၊ ခန္ဓာကိုယ် အနေအထားကလည်း သိပ်ပြီးကြံ့ခိုင်တဲ့ အထဲမှာ မပါတော့ ကူးလိမ့်မယ်လို့တော့ ကျွန်တော်ထင်ခဲ့မိပါတယ်လို့ သူကပြောပါတယ်။
အခုတော့ ဖောင်ကြီးမှာ ၁၄ ရက်နေခဲ့ရပေမယ့်လည်ပိုးမတွေ့ဘူးဆိုတာ အဖြေအောက်တိုဘာ ၁၁ရက်နေ့ကသိရလို့ အိမ်ပြန်ခွင့်ရပြီဖြစ်ပါတယ်။
"တချို့စကားပြောတာ တစ်ခါလောက်ထိတာလေးနဲ့ ကူးတာဆိုတော့ ကျွန်တော်တော့ ဒီတစ်ခါ အဲ့ဒီလောက်အထိ ကံကောင်းလိမ့်မယ်လို့ထင်မထားဘူးလို့"ကိုနေလင်းထိုက်ကပြောပါတယ်။
BBC Burmese
No comments:
Post a Comment