တပ်မတော်စစ်ကြောရေးမှာ သေဆုံးမှု အရေးယူပေးဖို့ မိသားစုတောင်းဆို


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ဦးအေးကျော်အမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဦးအေးကျော်ဟာ တပ်မတော်က ဖမ်းဆီးထားစဉ် အမှတ်-၃၇၇ တပ်ရင်းထဲမှာ စက်တင်ဘာလ ၂၈ ရက်နေ့က သေဆုံးခဲ့တာပါ။ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တာဖြစ်လို့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့အတွက် သေဆုံးသူ ဦးအေးကျော်ရဲ့ အစ်မ ဒေါ်မတင်ဝင်းက စာရေးတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ မြို့မရဲစခန်း၊ အောက်တိုဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စာတိုက်ကတဆင့် စာပေးပို့ တိုင်ကြားခဲ့တယ်လို့ ဒေါ်မတင်ဝင်းက RFA ကို ပြောပါတယ်။

“ခေါင်းတွေမှာ သေနတ်ဒင်နဲ့ထုထားလို့ နောက်စေ့မှာ ကြေမွနေပါတယ်။ နားထင်နားက သေနတ်နဲ့ ပစ်ထားတာတစ်ခုလည်း ရှိပါတယ်။ အဲဒီအပေါက်က ဟောင်းလောင်း ဖြစ်နေပါတယ်။ ဦးခေါင်းနဲ့ပေါင်တွေမှာ အားလုံးဒဏ်ရာဒဏ်ချက်တွေချည်း ဖြစ်နေပါတယ်။ လက်တွေခြေတွေလည်း ကျိုးပြီးတော့ အရိုးတွေ ငေါထွက်နေပါတယ်။ ကျမမောင်ရဲ့ ခြေလက်တွေကို သူတို့က ချိုးပစ်ကြတာ။ ဒါတွေကိုတွေးကြည့်ရင် ကျမ ရင်ထဲမှာ မချိအောင် ခံစားရပါတယ်။ စစ်တပ်အပေါ်မှာ အမှန်တရားကို ဖော်ထုတ်ပေးစေချင်ပါတယ်။ စစ်တပ်ကို တရားစွဲဆိုပြီး ဥပဒေနဲ့အညီ အရေးယူပေးစေချင်ပါတယ်”

မြောက်ဦးမြို့မရဲစခန်းက တိုင်ကြားစာလက်ခံရရှိရင် ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ အမှုကို ပထမသတင်း ပေးတိုင်ချက်ဖွင့်တာ၊ လိုအပ်သူတွေကို ခေါ်ယူစစ်ဆေးရတာတွေ လုပ်ဆောင်ရမှာဖြစ်ပေမယ့် လောလောဆယ် ဒီနေ့အထိ ဆက်သွယ်တာမရှိဘူးလို့ ပြောပါတယ်။

ဒီတိုင်ကြားနဲ့ချက်နဲ့ပတ်သက်လို့ မြောက်ဦးမြို့မရဲစခန်းနဲ့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဦးအေးကျော်အမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ သတင်းထုတ်ပြန်ချက်ကိုသာ ကိုးကားဖော်ပြဖို့ တုံ့ပြန်ခဲ့ပါတယ်။ မြို့မရဲစခန်းနဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို မိသားစုက တိုင်ကြားစာနဲ့ ပတ်သက်ပြီး ထပ်မံဆက်သွယ်မေးမြန်းရာမှာလည်း ဒီညနေ ၄ နာရီအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

သုံးဘီးမောင်းတဲ့ သေဆုံးသူ ဦးအေးကျော်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့မနက်က ခရီးသည်လိုက်ပို့စဉ် အမှတ်-၃၇၇ တပ်ရင်းရှေ့နားမှာ ဖမ်းဆီးခံခဲ့ရတာပါ။

မိသားစုက သတင်းရရချင်း အမှတ်-၃၇၇ တပ်ရင်းကို သွားရောက်စုံစမ်းခဲ့ပေမယ့် ဦးအေးကျော်ကို ဖမ်းထားတာ လုံးဝမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ နောက်တစ်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာတော့ ဦးအေးကျော်ရဲ့ ရုပ်အလောင်းကို အဲဒီတပ်ရင်းထဲကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ သေဆုံးသူ ဦးအေးကျော်ဟာ ရက္ခိုင့်တပ်တော် (AA) က တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ပြီး၊ သူဟာ တပ်မတော် စစ်ကြောရေးအဖွဲ့ဝင်တစ်ဦးရဲ့ ပစ္စတိုသေနတ်ကို လုယူပြီး ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားတာလို့ စက်တင်ဘာလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအမှုကို လေ့လာစောင့်ကြည့်နေတဲ့ ရက္ခိုင့်ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ရှေ့နေ ဦးဇော်ဇော်မင်းက သေဆုံးသူရဲ့ ကိုယ်ခန္ဓာမှာတွေ့ရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဦးအေးကျော်ရဲ့ ရုပ်အလောင်းကိုတွေ့ရတဲ့အချိန်မှာ ပေါင်းရိုးနှစ်ချောင်းစလုံး ကျိုးနေတယ်။ နောက်ပြီး ရောင်ရမ်းညိုမဲနေတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ပြီးတော့ ဦးခေါင်းတွေမှာ မာကျောတဲ့ အရာတွေနဲ့ ရိုက်နှက်ထားလို့ ကြေမွနေတာကို တွေ့ရတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဘက်က ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတယ်ခင်ဗျ”

ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးပေါ်ရောက်လာတဲ့အခါ ရက္ခိုင့်ရှေ့နေများကောင်စီက အမှန်တရားပေါ်ပေါက်ရေးအတွက် အကူအညီပေးသွားမယ်လို့ သူက ဆိုပါတယ်။

မြောက်ဦးဆေးရုံကိုရောက်ရှိလာတဲ့ ဦးအေးကျော်ရဲ့ရုပ်အလောင်းပေါ်က ဒဏ်ရာဒဏ်ချက်တွေနဲ့ ပတ်သက်လို့ မြောက်ဦးမြို့နယ်ဆရာဝန် ဒေါက်တာခင်မောင်သန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ သေဆုံးသွားတဲ့ ဦးကျော်အေးနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ဘတ်တံဆိပ်ပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားတာကိုပါ ထုတ်ပြန်ထားပြီး မိသားစုကတော့ သူဟာ အေအေ အဖွဲ့နဲ့ပတ်သက်မှုမရှိသလို ၆ နှစ်အရွယ်နဲ့ ၅ လအရွယ် ကလေးနှစ်ဦးကို သုံးဘီးဆိုင်ကယ်မောင်းပြီး ကျွေးမွေးနေတာလို့ ပြောပါတယ်။

AA ကတော့ သေဆုံးသူဟာ သူတို့တပ်ဖွဲ့ဝင်မဟုတ်ကြောင်းနဲ့ တပ်မတော်က ထုတ်ပြန်တဲ့ ဓာတ်ပုံဟာ လုပ်ကြံထားတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဦးအေးကျော်နဲ့နီးစပ်တဲ့ မြောက်ဦးမြို့ခံတချို့ကို RFA က မေးမြန်းခဲ့ရာမှာလည်း သူဟာ AA အဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း၊ တပ်မတော်က ထုတ်ပြန်ထားတဲ့ပုံဟာ လမ်းခရီးတစ်ခုခုမှာ သူနဲ့သိကျွမ်းတဲ့ AA အဖွဲ့ဝင်တစ်ဦးဦးဆီက အင်္ကျီကိုယူဝတ်ပြီး အမှတ်တရပုံရိုက်ထားတာ ဖြစ်နိုင်ကြောင်း ပြောကြပါတယ်။

ဦးအေးကျော်ဟာ မြောက်ဦးမြို့ အမှတ်-၃၇၇ တပ်ရင်းထဲမှာ ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတဲ့သူတွေထဲမှာ သုံးယောက်မြောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ရွာသား ကိုဇော်ကြီးကို မြို့အဝင် ငွေတောင်ပေါက်တံတားနားမှာ တပ်မတော်ကဖမ်းဆီးခဲ့ပြီး နောက်နေ့ ဧပြီလ ၃ဝ ရက်နေ့မှာတော့ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို အမှတ်-၃၇၇ တပ်ရင်းထဲကပဲ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့သြဂုတ်လ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ပုဇွန်ဖေကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ကို အဲဒီ အမှတ်-၃၇၇ တပ်ကဖမ်းဆီးပြီး၊ တပ်ရင်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ သူ့ရဲ့ ရုပ်အလောင်းကို သြဂုတ်လ ၁ဝ ရက်နေ့မှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိအချိန် စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးတာနဲ့ တပ်မတော် စစ်ကြောရေး စခန်းကနေ အလောင်းကို ဆေးရုံနဲ့ ရဲစခန်းကို လာရောက်အပ်နှံတာ စုစုပေါင်း ၃၂  ဦးအထိ ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-killing-mrauk-u-villager-10122020085151.html

တပ်မတော်စစ်ကြောရေးမှာ သေဆုံးမှု အရေးယူပေးဖို့ မိသားစုတောင်းဆို  တပ်မတော်စစ်ကြောရေးမှာ သေဆုံးမှု အရေးယူပေးဖို့ မိသားစုတောင်းဆို Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.