ရန်ကုန်မှာ စက်ရုံ ထောင်ချီ ပြန်ဖွင့်

ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ပြန်ဖွင့်နိုင်

ရန်ကုန်တိုင်းအတွင်းက လက်ခစားစနစ်နဲ့ လုပ်ကိုင်တဲ့ အထည်ချုပ်စက်ရုံတွေ အပါအဝင် စက်ရုံအလုပ်ရုံ အချို့ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံတွေကို ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် လက်ခစား အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေဟာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မှာ ပြန်ဖွင့်နိုင်တယ်လို့လည်း အစိုးရကထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မှာ ကိုဗစ်ကာလ အတွင်း ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ညီပြီးAအဆင့်လို့ အစိုးရစစ်ဆေးပြီး သတ်မှတ်ထားတဲ့ စက်ရုံက နှစ်ထောင်ကျော်ရှိပြီးတော့ B အဆင့်လို့ အစိုးရသတ်မှတ်ထားတဲ့ စက်ရုံက လေးထောင်ကျော်ရှိပါတယ်။

ဒီနေ့ဖွင့်ခွင့်ရတာကတော့ A အဆင့်ရော Bအဆင့် စက်ရုံတွေပါပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖွင့်ခွင့်ပေးခဲ့တာလို့ ရန်ကုန်တိုင်းကုန်သည် စက်မှု အသင်းချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာ အောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

"ဒီစက်ရုံတွေကို ဖွင့်ရင်းနဲ့ စစ်ဆေးခံရမယ့်သဘောပါ နဂို A ရထားတဲ့စက်ရုံတွေကလည်း လာစစ်တဲ့ အခါ A အဆင့်ကို ထိန်းထားနိုင်မှသာ ဆက်လက်ဖွင့်ခွင့်ရမှာ ဖြစ်တယ်"လို့ ဒေါက်တာအောင်သိန်းက ပြောပါတယ်။

ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ပြန်ဖွင့်နိုင်

စက်ရုံ အများစုပြန်ဖွင့်တယ်ဆိုပေမဲ့ အချို့စက်ရုံအချို့တော့ ပြန်မဖွင့်နိုင်ဘူးလို့လည်း စက်ရုံလုပ်ငန်းရှင်တွေ ဘက်က သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ ရန်ကုန်တိုင်းအတွင်း ပြန်ဖွင့်ခဲ့တဲ့ စက်ရုံစုစုပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ကဘီဘီစီကိုပြောပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၁၃ ရက်မှာတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ပြန်ဖွင့်မယ့် စက်ရုံအရေအတွက်ဟာ အခုထက်များနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒီနေ့ဖွင့်လှစ်နေတဲ့ စက်ရုံတွေထဲမှာ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ညီပြီး အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံမှုအားနည်းတဲ့ စက်ရုံတွေလည်း ပါဝင်နေတယ်လို့လည်း သူကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ စက်ရုံလုပ်သား အရေအတွက်ဟာ ၄၀၀ နဲ့ ၆၀၀ ကြားရှိပြီးတော့ လုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကပြောပါတယ်။

ကိုဗစ် ကူးစက်ခံရသူ လုပ်သား ၄၀၀နဲ့ ၆၀၀ ကြားရှိ

အခုလို စက်ရုံတွေပြန်ဖွင့်တာနဲ့ပတ်သက်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြတာမရှိသလို ထုတ်ပြန်တဲ့ အမိန့်စာကလည်း ရှင်းလင်းမှု မရှိတာကြောင့်အလုပ်ရှင်နဲ့ အလုပ်သမားအရေး ဆောင်ရွှက်သူတွေကြားမှာ နားလည်မှု လွဲစရာတွေ ရှိလာနိုင်တယ်လို့လည်း သူကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အောက်တိုဘာ ၁၂ ရက်ကစပြီး ရန်ကုန်တိုင်းက ပိတ်ထားရတဲ့စက်ရုံ အလုပ်ရုံတွေကို ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ ညီမညီစစ်ဆေးပြီး A အဆင့် ပြင်ဆင်ထားတဲ့ စက်ရုံတွေကို ပြန်လည် လည်ပတ်ခွင့်ပြုမယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ စက်ရုံတွေကို ကြီးကြပ်ရေးကော်မတီတွေက စစ်ဆေးမှုတွေ မစတင်သေးခင်မှာဘဲ အောက်တိုဘာ ၁၂ ရက်နေ့မှာ စက်ရုံအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။

ရန်ကုန်တိုင်းမှာ စက်ရုံအလုပ်ရုံတွေကို ပြန်လည်ခွင့်ပြုဖို့ ကြေညာချက်ထုတ်ခဲ့တဲ့ အောက်တိုဘာ ၁၀ရက် နေ့မှာ ပိုးတွေ့လူနာ ၂ထောင်ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက ၁၉၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

ရန်ကုန်တိုင်း အတွင်းစက်ရုံ ၇၀၀၀ ကျော်ရှိ

ဒီအထဲမှာ အထည်ချုပ်စက်ရုံအများစုတည်ရှိရာ လှိုင်သာယာမြို့နယ်မှာ ပိုးတွေ့လူနာစာရင်းက ၃၃၁ ဦးအထိရှိခဲ့တာကြောင့် စက်ရုံတွေကို ကျန်းမာရေးနဲ့ညီမညီ စစ်ဆေးပြီးမှသာ ဖွင့်လှစ်ခွင့်ကို ပြုသင့်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ မမိုးစန္ဒာမြင့်က ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တိုင်းကို ရောဂါထိန်းချုပ်ရေးအတွက် မြို့နယ် ၄၄ ခုကို စက်တင်ဘာ ၂၄ ရက်နေ့ကတည်းက stay at home အမိန့်ထုတ်ပြန်ထားပြီး အထည်ချုပ်စက်ရုံတွေအပါအဝင် CMP စနစ်နဲ့လုပ်ကိုင်တဲ့စက်ရုံအလုပ်ရုံ အားလုံးကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကန့်သတ်ထားရာကနေ စက်ရုံအလုပ်ရုံတွေကို ပြန်လည်လည်ပတ်ခွင့်ပြုလိုက်ပေမဲ့ လိုအပ်လာရင် အလျင်အမြန်ထိန်းချုပ်နိုင်ဖို့ ၊ စက်ရုံအလုပ်ရုံတွေမှာ အပိုင်းလိုက် အကန့်လိုက် ဖြစ်စေ ပိတ်သိမ်းပြီးရောဂါ ရှင်းလင်းအောင်လုပ်ဆောင်သွားဖို့ ကိုဗစ်ဗဟိုကော်မတီကနေ ညွှန်ကြားထားပြီးဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54510999

ရန်ကုန်မှာ စက်ရုံ ထောင်ချီ ပြန်ဖွင့်  ရန်ကုန်မှာ စက်ရုံ ထောင်ချီ ပြန်ဖွင့် Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.