နိုင်ငံရေးပါတီကြီးတချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးဖော်ပြ

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရင် LGBT လို့ခေါ်တဲ့ လိင်တူချစ်သူတွေအပေါ်  ခွဲခြားဆက်ဆံတာတွေ ကင်းအောင် အကာအကွယ်ပေးမယ်လို့ နိုင်ငံရေးပါတီကြီးတချို့က သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေမှာ ထည့်သွင်းဖော်ပြလာကြပါတယ်။ မြန်မာ့ LGBT အသိုင်းအဝိုင်းကလည်း ခွဲခြားဆက်ဆံခံနေရမှုတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ၊ လွှတ်တော်တွင်းမှာ ပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။

လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီတို့က LGBT လို့ခေါ်တဲ့ လိင်တူချင်းစုံမက်သူတွေ၊ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေအပေါ်  ခွဲခြားဆက်ဆံခံရတာတွေမရှိအောင် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းဖော်ပြလာကြတာပါ။

ဒီလိုမျိုးဖော်ပြချက်မျိုးကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မတွေ့ရဘဲ အခုတကြိမ်ရွေးကောက်ပွဲမှာမှ နိုင်ငံရေးပါတီတွေအနေနဲ့ လူနည်းစုတွေအရေးကို ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။

လက်ရှိအစိုးရဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကတော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ထည့်သွင်းထားတာဟာ နောက်တကြိမ် အစိုးရဖြစ်လာရင် လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

"LGBT တွေ ဘယ်လို Sexual Orientation ဖြစ်ဖြစ် ဒါက သဘာဝရှိပါတယ်။ သို့သော်လည်း သူတို့ရဲ့အမူအယာက လူအများစုရဲ့ နေထိုင်ပုံနဲ့ ကွာတဲ့အခါမှာ တချို့က လှောင်ပြောင်တာ နှိမ့်ချတာလည်းရှိတယ်။ အဲ့ဒါတွေကို အခုပိုပြီး သတိပြုမိလာတဲ့အတွက် သူတို့ခွဲခြားဆက်ဆံခံနေရတာတွေကို လုပ်ရမယ့် အကြောင်းအရာတခု အဖြစ်သတ်မှတ်ပြီး ဦးတည်ချက်တစ်ရပ်အဖြစ် ထည့်ထားခြင်းဖြစ်တယ်။ ကျွန်တော်တို့က ဒါကိုထည့်ထားပြီးပြီ ဆိုရင်တော့ ဒီအလုပ်ကို လုပ်မှာပါ"

တိုင်းရင်းသားတွေထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ SNLD ပါတီကတော့  လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေရဲ့ အသံတွေကို နားထောင်ဖို့၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ မလုပ်ဖို့ဆိုပြီး သူတို့ပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရဲ့ လူငယ်မူဝါဒပိုင်းမှာ အကျယ်တဝင့် ဖော်ပြထားတာပါ။

ဒီလို လူနည်းစု LGBT တွေအရေးကိုပြောလာတာ NLD နဲ့ SNLD နှစ်ပါတီတည်းတော့ မဟုတ်ပါဘူး။

ပါတီငယ်တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားကွန်ကရက်ပါတီကလည်း LGBT အသိုင်းအဝိုင်းဘက်က ရပ်တည်ကြောင်း အစိုးရရုပ်သံကထုတ်လွှင့်တဲ့  ရွေးကောက်ပွဲဆိုင်ရာ ဟောပြောစည်းရုံးချက်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

"လိင်တူတိမ်းညွှတ်မှုဟာ  စာရိတ္တပိုင်းဆိုင်ရာ ချို့တဲ့မှုမဟုတ်ဘူး။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လိင်တူတိမ်းညွှတ်သူတွေရဲ့ ဂုဏ်သိက္ခာ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် တန်ဖိုးထားလေးစားဖို့ လိုတယ်"

မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် ပြောသွားတာပါ။

အခုနှစ် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် LGBT လို့ ပြောဆိုပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့်သူတွေလည်း ပါလာပါတယ်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ အောင်မြေသာစံ မဲဆန္ဒနယ် အမှတ်(၁) နေရာကနေ ဝင်ရောက်အရွေးခံမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)က ဦးမျိုးမင်းထွန်းဟာ  မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ ပထမဦးဆုံး လိင်တူချစ်ခင်စုံမက်သူအဖြစ် ကြေညာပြီး ဝင်ရောက်အရွေးခံမယ့်သူ ဖြစ်လာတာပါ။

"မန္တလေးမှာဆိုရင် LGBT တွေဟာ ဥပဒေဘောင်ကျော်ပြီး ဖိနှိပ်ခံနေရတယ်။ မှောင်ရိပ်ခိုမှုတွေရှိတယ်။ အင်္ကျီတွေကို ချွတ်တယ်။ ရင်သားတွေကိုကိုင်တယ်။ လေးဘက်ထောက်ခိုင်းတယ်။ ထိုင်ထလုပ်ခိုင်းတာတွေက ဘောင်ကျွံတယ်လို့ ကျွန်တော်မြင်တယ်။ LGBT အမတ်တစ်ယောက်အနေနဲ့ဆိုရင် ဒါတွေကို ကာကွယ်ပေးနိုင်မယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မူဝါဒပိုင်းမှာလည်း LGBT တွေကို မဲဆန္ဒရှင်တွေ၊ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာအောင် ကြိုးပမ်းကြရမှာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းရဲ့ ပြောဆိုချက်ကို သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားပါ တယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း LGBT တွေအပေါ်ခွဲခြားဆက်ဆံတာမရှိဘူးလို့ ဆိုပါတယ်။

"အဓိက ကျွန်တော်တို့နိုင်ငံသားဖြစ်ဖို့အရေးကြီးတယ်၊ ကျွန်တော်တို့နိုင်ငံသားဖြစ်ရင် LGBT ပဲဖြစ်ဖြစ် ယောကျ်ားပဲဖြစ်ဖြစ်၊ မ ပဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရရမှာပဲလေ။ ကျွန်တော်တို့ နိုင်ငံသားဖြစ်ဖို့ပဲလိုပါတယ်။ LGBT တွေအပေါ်မှာ ခွဲခြားဆက်ဆံတာမရှိပါဘူး"

LGBT အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံမှာ ခွဲခြားမှုအားလုံးရပ်တန့်သွားဖို့ လိုတယ်လို့ ပြောပါတယ်။

"အရင်တုန်းက LGBT ဆိုတဲ့အကြောင်းအရာက အစိုးရထုတ်ပြန်ချက်တွေ ပါတီရဲ့ထုတ်ပြန်ချက်တွေ မပြောနဲ့ ဆွေးနွေးပွဲစကားဝိုင်း စားပွဲပေါ်တောင်မရောက်ခဲ့ဘူး။ ဒီလိုလူတွေကို အထင်သေးတာမျိုး အရည်အချင်းမရှိဘူးလို့ သတ်မှတ်ထားရာကနေ စာရွက်စာတမ်းနဲ့ ပြောလာကြတယ်။ LGBT အပါအဝင် မြန်မာနိုင်ငံမှာ တခြားသောသူတွေမှာ ခွဲခြားမှုရှိတဲ့ အရာအားလုံးကို တိုက်ဖျက်ဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ထား၊ ဒါမျိုးကပိုပြီး ခွန်အားကောင်းလာမယ်လို့ ယူဆပါတယ်။ ခွဲခြားမှုကို လှောင်ပြောင်စရာ လက်ခံစရာလို့ ယူဆနေတဲ့ အသိုင်းအဝိုင်းကြားထဲမှာ ခွဲခြားမှုကိုလက်မခံဘူးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲ့ဒီလူတွေကလည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြောကြားတာမကဘဲ တကယ်လွှတ်တော်တာဝန် ထမ်းဆောင်တဲ့အခါမှာ ခွဲခြားမှုအားလုံး ရပ်တန့်ရေး ဆက်တွန်းသွားဖို့ တိုက်တွန်းပါတယ်"

မြန်မာပြည်က LGBT အသိုင်းအဝိုင်းတွေအကြား ပြင်ဆင်ပေးဖို့ အဓိကတောင်းဆိုနေတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ တို့ကို ပြင်ဆင်ပေးဖို့ လိုနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါ တယ်။

Transgenders လို့ခေါ်တဲ့ အမျိုးသမီးလို ဝတ်စားတဲ့ အမျိုးသားတွေဟာ ညဘက်အချိန် လမ်းမတွေပေါ်မှာတွေ့ ရင်  မှောင်ရိပ်ခိုမှုဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲ့လိုဖမ်းဆီးခံရရင်တော့  ရဲအက်ဥပဒေ၊ ပုဒ်မ ၃၀၊ ပုဒ်မ ၃၅ နဲ့ အများဆုံးအရေးယူခံရလေ့ရှိပြီး ထောင်ဒဏ် ၃ လ ချမှတ်နိုင်တာပါ။

LGBT တွေ ပြင်ပေးဖို့ တောင်းဆိုနေတဲ့ ပုဒ်မ ၃၇၇ မှာကတော့ ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့် ဖြစ်စေ ဓမ္မတာနှင့်ဆန့်ကျင်တဲ့ ကာမစပ်ယှက်ရင် အဲ့ဒီသူကို ထောင်ဒဏ်တသက်တကျွန်း ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာပါ။

ရန်ကုန်မြို့က နာမည်ကျော်မိတ်ကပ်ပညာရှင် မထက်ကတော့ LGBT တွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းပေးဖို့ တောင်းဆိုပါတယ်။

"အမတို့နိုင်ငံမှာ LGBT ရယ်ဆိုပြီး တခုခုဖြစ်လာရင် အကာအကွယ်ပေးမယ့် နေရာမရှိဘူး။ ဥပဒေမရှိဘူး။ LGBT ရယ်လို့ပြောလာရင် ယောကျာ်းရော၊ မိန်းမရော ပါဝင်တာကြောင့် လူကိုလူလိုစာနာပြီး ဖေးမတဲ့ဥပဒေတွေ ပြစ်ဒဏ်ဆိုလည်း ပြစ်ဒဏ်အလျှောက်ရှိမယ်ဆိုရင် လူနေမှုဘဝ ပိုလုံခြုံစိတ်ချရတယ်၊ အားလည်းဖြစ်တယ်လို့ ယုံကြည်ပါတယ်"

မြန်မာနိုင်ငံရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုဓလေ့တွေအရ LGBT အသိုင်းအဝိုင်းကို တော်တော်များများက လက်မခံသလို ဖိနှိပ်ဆက်ဆံမှုတွေရှိနေတာကြောင့် မြန်မာလူ့ဘောင်အဖွဲ့အစည်းမှာ LGBT ဆိုပြီး ပွင့်ပွင့်လင်းလင်း နေထိုင်သူက နည်းပါတယ်။ ဒါကြောင့်လည်း LGBT အရေအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေသလဲဆိုတာက ပြောဖို့ခက်တာပါ။

အစိုးရရဲ့ AIDS တိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာ (၄) နှစ်တာ စီမံကိန်းစာတမ်းမှာတော့ မြန်မာနိုင်ငံမှာ အမျိုးသားချင်းလိင်တူစုံမက်သူ ခန့်မှန်းချေ ၂ သိန်းခွဲကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Several-strong-political-parties-vow-to-protect-LGBT-rights-09242020103329.html

နိုင်ငံရေးပါတီကြီးတချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးဖော်ပြ  နိုင်ငံရေးပါတီကြီးတချို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ LGBT အရေးဖော်ပြ Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.