ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး တောင်ကိုရီးယားဝန်ထမ်းကို မြောက်ကိုရီးယား သတ်ဖြတ် မီးရှို့

မြောက်နဲ့တောင် နယ်စပ်နားက ယုံပြောင်ကျွန်း

တောင်ကိုရီးယား အစိုးရ ဝန်ထမ်းတစ်ယောက်ကို မြောက်ကိုရီးယား တပ်ဖွဲ့တွေက သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပြီး လူမဆန်တဲ့ လုပ်ရပ်လို့ ရှုတ်ချလိုက်ပါတယ်။

ငါးလုပ်ငန်းဌာနက ဝန်ထမ်း အမျိုးသားတစ်ဦး နယ်စပ်နားက ကင်းလှည့်ရေယာဥ်ကနေ ပျောက်သွားပြီးနောက် မြောက်ဘက်က ရေပြင်မှာ ပြန်တွေ့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားတွေက သူ့ကို ပစ်ခတ်ခဲ့ပြီးနောက် အလောင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလို လုပ်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး လုပ်တာ ဖြစ်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ယူဆထားပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ မှတ်ချက် မပေးပါဘူး။

တောင်နဲ့မြောက်ကြား နယ်စပ်မှာ ရဲအစောင့်အကြပ် တင်းတင်းကြပ်ကြပ် ရှိပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါ ကူးစက်မှု ကာကွယ်ဖို့ နိုင်ငံတွင်း ဝင်လာရင် ပစ်ခတ် သတ်ဖြတ်ဖို့ မြောက်ကိုရီးယားဘက်မှာ အမိန့်ထုတ်တားပုံ ရပါတယ်။

အခု ဖြစ်ရပ်ဟာ မြောက်ကိုရီးယား တပ်ဖွဲ့တွေက တောင်ကိုရီးယားဘက်က အရပ်သားကို ပစ်ခတ်သတ်ဖြတ်မှု နှစ်ကြိမ်မြောက် ဖြစ်နိုင်ပါတယ်။

၂၀၀၈ ဇူလိုင်တုန်းက ခရီးသွားတစ်ယောက်ကို ဂင်ဂန်တောင်မှာ စစ်သားတွေက ပစ်ခတ်ခဲ့ဖူးပါတယ်။

တောင်ကိုရီးယား ဘာပြောသလဲ

အဲဒီ ဝန်ထမ်းဟာ မြောက်ဘက်နဲ့ နယ်စပ် ခြောက်မိုင်လောက်ကွာတဲ့ ယုံပြောင်ကျွန်းနားက သူ့ ကင်းလှည့် ရေယာဥ်ပေါ်ကနေ တနင်္လာနေ့က ပျောက်သွားခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

သားသမီး နှစ်ယောက်ရဲ့ အဖေ အသက် ၄၇ နှစ် အရွယ် အမျိုးသားဟာ သူ့ ဖိနပ်ကို သင်္ဘောပေါ်မှာ ထားသွားခဲ့ပါတယ်။ သူဟာ မြောက်ဘက်ကို ဘက်ပြောင်းသွားဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပြီး ဒါမျိုးအဖြစ်နည်းပေမဲ့ မဖြစ်ဖူးတော့ မဟုတ်ပါဘူး။

အင်္ဂါနေ့ ဒေသအချိန် မွန်းလွဲ သုံးနာရီခွဲလောက်မှာတော့ မြောက်ဘက်က ကင်းလှည့်ရေယာဥ်က အသက်ကယ်အင်္ကျီ ဝတ်ထားတဲ့သူ့ကို ပင်လယ်ထဲမှာ တွေ့ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ဆက်ပြောပါတယ်။

ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ ဝတ်လိုက်ကြသူတွေက အထက်က တာဝန်ရှိသူက သူ့ကို သတ်ပစ်ဖို့ အမိန့်မပေးခင် အဝေးက လှမ်းပြီးမေးမြန်းခဲ့ကြပါတယ်။ အဲဒီနောက် သူ ရေထဲမှာ ပစ်သတ်ခံခဲ့ရပါတယ်။

နောက်တော့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက အလောင်းကို ပင်လယ်ထဲမှာပဲ မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အတွက် လုပ်တာ ဖြစ်မယ်လို့ ယူဆတဲ့ အကြောင်းလည်း ဖြည့်ပြောပါတယ်။

တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲ

ဒီသတ်ဖြတ်မှုဟာ သည်းခံနိုင်စရာ မကောင်းတဲ့ အံသြတုန်လှုပ်ဖွယ်ရာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားဘက်က တာဝန်ယူရမယ်လို့လည်း သူက တွန်းအားပေး ပြောဆိုပါတယ်။

ပြန်လည်ခုခံဖွယ်မရှိတဲ့ လက်နက်မကိုင်ဆောင်ထားတဲ့ တောင်ကိုရီးယား အရပ်သားကို မြောက်ကိုရီးယားဘက်က အကြောင်းမခိုင်လုံဘဲ ပစ်သတ် မီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသား လုံခြုံရေး ကောင်စီက ပြောပါတယ်။

အဲဒီ စစ်ရေး လုပ်ရပ်ဟာ နိုင်ငံတကာ စည်းမျဥ်းတွေကို ချိုးဖောက်တာပဲလို့ အမျိုးသား လုံခြုံရေး ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဆူချူဆွတ်က ပြောပါတယ်။

တောင်ကိုရီးယားကလူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လုပ်ရပ်ကို မဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သူက ပြောပါတယ်။

တာဝန်ရှိသူတွေက ဒီဖြစ်ရပ်အတွက် ဘက်ပေါင်းစုံက သတင်းအချက်အလက်တွေကို သေချာ စိစစ်ခဲ့တယ်လို့ ပြောပေမဲ့ သူတို့ သတင်းတွေ ဘယ်လို စုဆောင်းခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တောင်နဲ့မြောက် အကြား အရေးပေါ်ဆက်သွယ်နိုင်တဲ့ တယ်လီဖုန်းလိုင်းကို ဇွန်လတုန်းက ဖြတ်တောက်ထား ပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး အကူအညီပေးဖို့ တည်ဆောက်ထားတဲ့ ဆက်သွယ်ရေးရုံးကိုလည်း မြောက်ကိုရီးယားဘက်က ဖြိုချဖျက်ဆီးထားပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်က ရေဒီယို ဆက်သွယ်မှုတွေကို တောင်ကိုရီးယား စစ်တပ်က ကြားဖြတ်နားထောင်နေတယ်လို့ သိရတယ်လို့ အေအက်ဖ်ပီ သတင်းအေဂျင်စီက သတင်း ဖော်ပြပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ် ချစ်ကြည်ရေးတံတား

နောက်ခံအခြေအနေ

မြောက်ကိုရီးယားကို ကိုရိုနာဗိုင်းရပ်စ် မကူးအောင် လုပ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ မြောက်ဘက်က တာဝန်ရှိသူတွေက လုပ်နိုင်တယ်လို့ ဘီဘီစီ တောင်ကိုရီးယား သတင်းထောက် လော်ရာဘစ်ကာက သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာ အာဏာရ မြောက်ကိုရီးယား အလုပ်သမား ပါတီ ထူထောင်တဲ့ ၇၅ နှစ် မြောက် နှစ်ပတ်လည် အတွက် စစ်ရေးပြ အခမ်းအနား ကြီးကြီးကျယ်ကျယ် ကျင်းပဖို့လည်း အာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

အဲဒီ စစ်ရေးပြမှာ ပိုးကူးနိုင်ခြေ အများကြီး ရှိသွားနိုင်တာကြောင့် အခုလို ပစ်သတ်တဲ့အထိ စည်းကမ်းတွေထုတ်ထားတာ ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယား သတင်းအထူးပြု သတင်းဌာန တစ်ခုက တာဝန်ရှိသူ တစ်ဦးက တွစ်တာမှာ ပြောပါတယ်။

တရုတ်ဘက်က နယ်စပ်တွေကိုတော့ ဇန်နဝါရီလကတည်းက မြောက်ကိုရီးယားက ပိတ်ထားပြီး ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားထားပါတယ်။

ဇူလိုင်လမှာ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက အရေးပေါ်အခြေအနေကို အမြင့်ဆုံး ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ လမှာလည်း တရုတ်နဲ့ နှစ်ကီလိုမီတာ ဝန်းကျင်မှာ ကြားခံဇုန် အသစ်တစ်ခုကို မြောက်ကိုရီးယားက စတင် ထားရှိကျင့်သုံးခဲ့တယ်လို့ တောင်ကိုရီးယားမှာ ရောက်နေတဲ့ အမေရိကန် တပ်မှူးက ပြောပါတယ်။

ဒါ့အပြင် အထူး တပ်ဖွဲ့တွေ ချထားပြီး နယ်စပ် ဖြတ်ကျော် ဝင်လာသူ ဘယ်သူ့ကိုမဆို ပစ်သတ်ဖြစ်ဖို့ အမိန့်ထုတ်ထား တယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ မြောက်ကိုရီးယားထဲ ရောက်သွားသူတွေကို ပြန်ပို့ပေးဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်လာတဲ့ တောင်ကိုရီးယား ငါးဖမ်းလှေကို အာဏာပိုင်တွေက ပြန်ပို့ပေးခဲ့တယ်လို့ အစိုးရ မီဒီယာ KCNA က ပြောပါတယ်။

ဒါပေမဲ့ စည်းကမ်း ချိုးဖောက်သူတွေကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်တာကို သိထားကြပါတယ်။ သေဒဏ်စီရင်တာကိုလည်း အများပြည်သူရှေ့မှာ စီရင်တတ်တယ်လို့ သိထားကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54279401

ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး တောင်ကိုရီးယားဝန်ထမ်းကို မြောက်ကိုရီးယား သတ်ဖြတ် မီးရှို့ ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး တောင်ကိုရီးယားဝန်ထမ်းကို မြောက်ကိုရီးယား သတ်ဖြတ် မီးရှို့ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.