ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှု တို့ကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံး


ဖားကန့် စက်တင်ဘာ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်က တစ်ရက် အတွင်း ကျောက်ခဲထိမှန်မှုဖြစ်စဉ်နှင့် ကမ်းပါးပြိုကျမှုတို့ကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ တစ်သုံးလုံး ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ၌ မျောတိုက်ပြီး ရေမဆေးကျောက်ရှာဖွေနေသူ မောင်ဒါးပဲ(၂၃)နှစ်သည် အမြင့်ပေ (၉၀)ခန့်မှ ပြုတ်ကျလာသည့် ပိဿာချိန်(၅၀)ခန့်ရှိ  ကျောက်ခဲထိမှန်မှု ကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 အလားတူ ညနေ ၆ နာရီခန့်က ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေနေသူ မောင်ရုံးရှိ(ခ)ရှမ်းကုလား (၃၇)နှစ်သည် အမြင့်ပေ(၁၂၀)ခန့်မှ ကမ်းပါးယံပြိုကျခဲ့သဖြင့် အောက်ဘက် ရေကန် အတွင်း မျောပါသွားပြီး ယနေ့နံနက်ပိုင်းတွင်မှ သူ၏ ရုပ်အလောင်းအား လူမှုရေးအသင်းအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 ဖားကန့်ရတနာနယ်မြေတွင် မိုးတွင်းကာလ ဇူလိုင် ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ရပ်နားထားပြီး မြို့နယ်အတွင်း အန္တရာယ်ရှိနေရာများတွင် ရေမဆေးကျောက်တူးဖော်ရှာဖွေခြင်း၊ ရွှေမျောတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှလည်း ထုတ်ပြန်ထားသည်။

 လက်ရှိအခြေအနေတွင်လည်း ဖားကန့်ရတနာနယ်မြေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများမှ ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထဲမှ အိမ်ပြင်မထွက်ရန် Stay at Home မြို့နယ်တစ်ခုအဖြစ် စက်တင်ဘာ ၂၄ ရက်နေ့က ကြေညာထားသည်။


တာလင်းမောင်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှု တို့ကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံး ဖားကန့်၌ တစ်ရက်အတွင်း ကျောက်ခဲထိမှန်မှုနှင့် ကမ်းပါးပြိုကျမှု တို့ကြောင့် ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.