ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ချက်ချင်းအဖမ်းခံရ

မန္တလေးမြို့ ဈေးချိုနာရီစင်အနီးမှာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ဝင် နှစ်ယောက်ကို ၂၀၂၀ စက်တင်ဘာ ၂၅ ရက်နေ့က ရဲကဖမ်းဆီးစဉ်။ Photo: Khaymani Win/RFA

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်းရဖို့ ဒီနေ့ မန္တလေးမြို့ ဈေးချိုနာရီစင်အနီး မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့က ကျောင်းသားနှစ်ယောက်ကို ဆန္ဒပြပွဲ အပြီးမှာ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ဟာ ရခိုင်ပြည်သူတွေနဲ့ တသားတည်းတယ်ဆိုတဲ့ လှုပ်ရှားမှုကို ဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားတွေကို ဖမ်းဆီးဖို့ တရားသူကြီးကိုယ်တိုင် ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် အခုလိုဖမ်းဆီးတာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ စခန်း၊ စခန်းမှူး ရဲအုပ်တိုးတိုးကပြောပါတယ်။

“ ငြိမ်းစုစည် ၁၉ မှာသူတို့က တရားခံပြေးဖြစ်နေတယ်။ ထပ်ပြီးတော့ ယခင်က တခြားစခန်းတွေမှာလည်း ၅၀၅ (က) ၊ ၅၀၅( ခ) နဲ့ဖွင့်ထားတယ်။ ဒါကြောင့် သူတို့ကို ဖမ်းတာပါ”

ဗကသ ကျောင်းသားတွေဟာ ရခိုင်အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု့တွေကို အခုလ ၁၀ ရက်နေ့ကစတင်ပြီး လုပ်ဆောင်နေကြတာပါ။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် မန္တလေးမြို့က ကျောင်းသား ၁၃ ယောက်ခန့်ကို နယ်မြေ အလိုက် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၉)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (က) ၊ ၅၀၅ ( ခ) နဲ့ အမှုဖွင့်ထားပါတယ်။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစိုးလှနိုင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မေးခွန်းထုတ်လိုက်ပါတယ်။

“ဒီမိုကရေစီအစိုးရဆိုပေမဲ့ လွတ်လပ်စွာပြောဆိုခွင့် မရသေးဘူးဆိုတာကို ပြောချင်တယ်။ ကျွန်တော်တို့က ရခိုင်ပြည်သူတွေနဲ့ ရခိုင်က ကျောင်းသားတွေနဲ့အတူ ရပ်တည်ပါတယ်”

အခုလ ၁၀ ရက်နေ့က လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုဘချစ်ကို မနေ့က ဖမ်းဆီးပြီး ချမ်းအေးသားစံမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်တစ်လ အမိန့်ချခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/protest-rakhine-internet-mdy-students-arrest-09252020023331.html

ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ချက်ချင်းအဖမ်းခံရ  ရခိုင်အရေး မန္တလေးမှာ ဆန္ဒပြတဲ့ကျောင်းသားနှစ်ဦး ချက်ချင်းအဖမ်းခံရ Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.