ဆိုင်ကယ်နှင့်ဖုန်းရယူလို၍ သူငယ်ချင်းဖြစ်သူအားသတ်မှုဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်  အမှတ်(၅)ရပ်ကွက်တွင် စက်တင်ဘာလ၂၃ ရက်နေ့ က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်း အားရယူလို၍ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နမ့်စန်မြို့ အမှတ်(၅)ကျေးရွာအုပ်စု ၊ အမှတ်(၆) ကျေးရွာနေ မောင်ပြည့်ဖြိုးသိန်း (၁၆ နှစ်) သည် စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ် တစ်စီးဖြင့် နေအိမ်မှထွက်သွားခဲ့ပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာမှမောင်ပြည့်ဖြိုးသိန်း စီးသွားသော ဆိုင်ကယ်အား မောင်ပြည့်ဖြိုးဦး ဆိုသူ က စက်တင်ဘာ  ၂၄ ရက် ညနေပိုင်းတွင် အမှတ်(၃)ရပ်ကွက် အတွင်းစီးနင်းသွားလာနေသည်အားတွေ့ရှိရ၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တဆင့် မြို့မရဲစခန်းသို့ ၄င်း မောင်ပြည့်ဖြိုးဦး အား ခေါ်ယူ စစ်ဆေးခဲ့ရာ မောင်ပြည့်ဖြိုးဦးက ၄င်း၏ သူငယ်ချင်းဖြစ်သူ မောင်ပြည့်ဖြိုးသိန်း အား စက်တင်ဘာ လ ၂၃ ရက် နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် အမှတ်(၅)ရပ်ကွက် ၊ စစ်မှုထမ်းဟောင်း အိမ်ရာရှိ လူမနေသည့် အဆောက်အဦသို့ ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်ဖြိုးသိန်း ထံမှ လက်ကိုင် ဖုန်းနှင့်ဆိုင်ကယ် ရယူလို၍ ၄င်းဖုန်းပြောနေစဉ်တွင်  နောက်မှ ၂လက်မ ပတ်လည် သစ်သားချောင်း ဖြင့် ဦးခေါင်းအား ၂ ချက် ရိုက်ခဲ့ပြီး ၄င်းမေ့မြောနေစဉ် ဘယ်ဘက်လက်ကောက် ဝတ်သွေး ကြောအား ကြက်သွန်လှီးဒါးဖြင့်လှီးဖြတ်ခဲ့ကြောင်း ၊ ထို့နောက် ပြည့်ဖြိုးသိန်း၏အလောင်းအား အိမ် အနောက်ဘက်ဘေးရှိ အိမ်သာကျင်း အသစ်ထဲသို့ တွန်းချထားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့မရဲစခန်း မှ တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက် ည ၁၁နာရီခွဲအချိန်ခန့်တွင် အခင်းဖြစ်ရာသို့သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအား အချင်း ၅ ပေ ၊ အနက် ၅ ပေ ရှိကျင်းအတွင်းတွင် တွေ့ရပြီး ပြည့်ဖြိုးသိန်း ထံမှ အရှည် ၂ပေခန့်ရှိ ၂ပတ်လည် သစ်သားချောင်း ၁ ချောင်း ၊ အရိုးအသွား ၈ လက်မခန့်ရှိ စတီးဒါး ၁ ချောင်း ၊ သွေးသုတ်ထားသော အဝတ်စ  ၂ စ ၊ တရုတ်နိုင်ငံထုတ် အနက်ရောင် TARYAN ဆိုင်ကယ် ၁ စီး နှင့် OPPO အမျိုးအစား ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းခဲ့သည်။

ဆက်လက်၍ ပြည့်ဖြိုးသိန်း (၁၆) နှစ်အား သတ်ဖြတ်၍ ဆိုင်ကယ်နှင့်ဖုန်းရယူခဲ့သူ အမှတ်(၁)ရပ်ကွက်နေ ပြည့်ဖြိုးဦး (၁၆) နှစ်အား အရေးယူနိုင်ရေးအတွက် နမ့်စန်မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


သူရအောင်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဆိုင်ကယ်နှင့်ဖုန်းရယူလို၍ သူငယ်ချင်းဖြစ်သူအားသတ်မှုဖြစ်ပွား ဆိုင်ကယ်နှင့်ဖုန်းရယူလို၍ သူငယ်ချင်းဖြစ်သူအားသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.