ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားမဖြန့်အောင် Facebook က စိစစ်မယ်လို့ ကြေညာ


မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် ကူညီမယ်လို့ Facebook ကုမ္ပဏီက ပြောဆို လိုက်သလို၊ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ  နိုင်ငံတကာ စံချိန်မီ အဆင့်ကို ရောက်ရှိမှာ မဟုတ်ဘူးလို့  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ ချောချောမောမော ဆောင်ရွက်နိုင်အောင် လိုအပ်သလို ကူညီဆောင်ရွက်မယ်လို့ Facebook ကုမ္ပဏီက ‌ဩဂုတ်လက ထုတ်ပြန်ခဲ့ပါတယ်။ မနေ့ကလည်း မြန်မာ့ ၂၀၂၀ ရွေးကောက်ပွဲ အနှောင့်အယှက်ကင်းကင်း ကျင်းပနိုင်အောင် နောက်ထပ်လိုအပ်တာတွေ စီစဉ်ဆောင်ရွက် နေကြောင်း ပြောလိုက်ပါတယ်။  

ပြီးခဲ့တဲ့ မေလက ကြေညာခဲ့တဲ့အတိုင်း Facebook အနေနဲ့ ပဋိပက္ခတွေရှိနေတဲ့နိုင်ငံတွေ၊ ပဋိပက္ခတွေ ရှိလာနိုင်တဲ့ နိုင်ငံတွေမှာ အမုန်းစကားတွေကို တိုက်ဖျက်နေကြောင်း၊ တိုက်ဖျက်ရာမှာလည်း ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်စည်းမျဉ်းတွေနဲ့အညီဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကာလအတွင်းမှာရော၊ ပုံမှန်ကာလအတွင်းမှာပါ၊ အကြမ်းဖက်ရေး လှုံ့ဆော် တာ၊ အမုန်းစကားဖြန့်ချိတာစတဲ့ ပြဿနာရှိတဲ့ အကြောင်းအရာတွေ နည်းပါး ကျဆင်းလာအောင် Facebook က စိစစ်ရေးနည်းပညာနဲ့ အားထုတ်နေကြောင်း၊ ရေးသားဖော်ပြချက်တရပ်ဟာ Facebook ရဲ့ မူဝါဒနဲ့ ငြိစွန်းကြောင်း ဆုံးဖြတ်နိုင်ပြီဆိုတာနဲ့ ဖယ်ရှားလိုက်မှာ ဖြစ်ကြောင်းလည်း ‌ဖော်ပြပါတယ်။  ဒီအတွက် မြန်မာနိုင်ငံတွင်းက အမုန်းစကားနဲ့ပတ်သက်တဲ့ စကားလုံးသစ်တွေ၊ ဝေါဟာရသစ်တွေကို သိရှိနိုင်တဲ့ နည်းပညာကို အသုံးပြုပြီး၊ အဲဒီ ဝေါဟာရတွေပါဝင်တဲ့ ရေးသားချက် တွေကို ဖယ်ရှားရှင်းလင်းတာ၊ အရေအတွက်လျှော့ချတာတွေ ဆောင်ရွက် မယ်လို့ သိရပါတယ်။

အလားတူ Facebook အသိုင်းအဝန်းအတွင်း သတင်းမှားတွေ ဖြန့်ဝေနေတာတွေကို ကိုင်တွယ်ဖို့ အတွက်လည်း၊ နိုင်ငံတကာ အချက်အလက် စိစစ်ရေးကွန်ရက် က အသိအမှတ်ပြု ထောက်ခံထားတဲ့ အဖွဲ့သုံးဖွဲ့ အပါအဝင်၊ ကမ္ဘာတဝှမ်း အချက်အလက်စစ်ဆေးရေး ကျွမ်းကျင်သူတွေနဲ့ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြပါတယ်။ ကျွမ်းကျင်သူတွေက  သတင်းမှားအဖြစ် သတ်မှတ်ထားတဲ့ ဖော်ပြချက်မှာ သတိပေးစာတမ်းပါ ပါလာမှာဖြစ် ပါတယ်။ အခုဆိုရင် မြန်မာဘာသာနဲ့ပါ ဖော်ပြတော့မယ်လို့ ဆိုပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရဲ့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ  နိုင်ငံတကာ စံချိန်မီ အဆင့်ကိုရောက်ရှိမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ကပြောလိုက်ပါတယ်။ အဓိကအကြောင်းကတော့ ရွေးကောက်ပွဲမှာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ မဲပေးခွင့်မရကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် သောမတ် အင်ဒရူးက - မြန်မာ့ရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မပါသ၍၊ လူမျိုးဘာသာ ခွဲခြားမှုတွေရှိနေသ၍၊ လွတ်လပ် မျှတမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်ပြီး မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့ ၁၄ ဖွဲ့က ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ မြန်မာ့ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာ ကိုယ်စားလှယ်လောင်း အနည်းဆုံး တဒါဇင်လောက် အရွေးခံဖို့ လျှောက်ထားခဲ့ကြ ပေမဲ့ စည်းမျဉ်းနဲ့မကိုက်ညီလို့ ဆိုပြီး၊  ပြီးခဲ့တဲ့ လက  ၆ ဦး အပယ်ခံခဲ့ရကြောင်း၊ မိဘနှစ်ပါး နိုင်ငံသား ဖြစ်ပေမဲ့ အပယ်ခံရကြောင်း ဖော်ပြ ပါတယ်။ အာဏာရ NLD ပါတီ  ပြောခွင့်ရသူကတော့ ဘယ်နိုင်ငံခြားသားမှ ရွေးကောက်ပွဲဝင်လို့ မရကြောင်းပြော ဆိုကြောင်း ဖော်ပြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/facebook-anouncement-to-protect-myanmar-Election-09242020194507.html

ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားမဖြန့်အောင် Facebook က စိစစ်မယ်လို့ ကြေညာ ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားမဖြန့်အောင် Facebook က စိစစ်မယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 18:38 Rating: 5

No comments:

Powered by Blogger.