ပလက်ဝ လူထု “စားရေရိက္ခာခက်ခဲနေ” လို့ ချင်းပြည်နယ်ဝန်ကြီး တဦးပြော

စက်လှေတွေ ထွက်ဖို့ ခက်ခဲနေ

ပလက်ဝကို ဆန်၊ စားသောက်ကုန် နဲ့ တခြားကုန်စည်တွေကို ကုလားတန် မြစ်ကြောင်းကတဆင့် တင်ပို့ကြတာပါ။

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်အတွင်း ဆန်နဲ့စားသောက်ကုန်တွေ ဈေးတွေ ၂ဆ၊ ၃ဆ တက်လာနေသလို ဒီထက်အခြေအနေဆိုးလာပြီး ဆန် ဝယ်စရာနေရာ မရှိအောင် ပြတ်တောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပလက်ဝမြို့နယ်မှာနေထိုင်ကြတဲ့ လူတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme - WFP) အနေနဲ့ စက်တင်ဘာလကုန်အထိ ဆန်ထောက်ပံ့ပေးမှုကို လုပ်ထားပေးခဲ့ပေမဲ့ အခုအချိန်မှာ "လူဦးရေ ၅ သောင်း၊ ၆ သောင်းလောက်ရှိတဲ့ လူထုအများစုအတွက် စားရေရိက္ခာအခက်အခဲ ရှိလာနေတယ်"လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဆိုင်ရာ ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

ပလက်ဝပြည်သူတွေဆီ ဆန်နဲ့ စားသောက်ကုန်တွေ ရောက်ရှိနိုင်ဖို့အတွက် "လုံခြုံရေး အစောင့်အရှောက်နဲ့ ပို့နိုင်အောင် တင်ပြထားပါတယ်" လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ပလက်ဝကို ဆန်၊ စားသောက်ကုန် နဲ့ တခြားကုန်စည်တွေ တင်သွင်းရာ အဓိကလမ်းကြောင်းက ရခိုင်ပြည်နယ် ကျောက်တော်ဘက်က ဖြစ်ပြီး အဲဒီကနေ ကုလားတန် မြစ်ကြောင်းကတဆင့် တင်ပို့ကြတာပါ။

ပလက်ဝ တောင်ဘက်နဲ့ ကျောက်တော် မြောက်ဘက်ကြားက အရပ်တွေမှာ ရက္ခိုင့်တပ်တော် (Arakan Army - AA) နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်လာတဲ့နောက်ပိုင်း အခုနှစ် အစောပိုင်းလောက်ကတည်းက အဲဒီလမ်းကြောင်းကို အရပ်သားတွေ အသုံးပြုတာ မရှိသလောက်အထိ နည်းပါးသွားခဲ့ပါတယ်။

အဲဒီအတွက် မတူပီကနေ ကားလမ်းကို အသုံးပြုကာ ဆမီးကတဆင့် ပလက်ဝကို ကုန်စည်စီးဆင်းလာခဲ့ပေမဲ့ အခုအခါမှာ အဲဒီလမ်းကြောင်းကလည်း အခက်အခဲဆိုက်လာခဲ့ပါတယ်။

"အခု ဒီလမ်းကြောင်းက အဓိက ဆမီးနဲ့ ပလက်ဝလမ်းကြောင်းမှာ မကြာမကြာ တိုက်ပွဲတွေ ဖြစ်တဲ့အတွက် အဲဒီလမ်းကြောင်းက လုံခြုံမှု မရှိဘဲဖြစ်နေတယ်၊ ဆိုတော့ အဲဒီ လမ်းကြောင်းက တပ်က တာဝန်ယူ ရှင်းလင်းပေးမှ သွားလာလို့ရတဲ့ အခြေအနေ ဖြစ်နေတာပေါ့၊ အဲဒီအပြင် မိုးရာသီဖြစ်နေတာကြောင့် (မတူပီနဲ့ ဆမီးလမ်းမှာတောင်) လမ်းကပျက်နေတာတွေလည်း ရှိတယ်။

၁၀ ဘီးကား၊ ၁၂ ဘီးကားတွေ သွားလို့မရတဲ့အခြေအနေဖြစ်နေတယ်၊ ၆ ဘီးကားလောက်ကို သွားခွင့်ပြုထားပေမဲ့ လမ်းက ပြင်နေရတဲ့အနေအထားဆိုတော့ ဆမီးကိုတောင် ကုန်တွေက ကောင်းကောင်းမရောက်နိုင်တဲ့အခြေအနေဖြစ်နေတယ်" လို့ ဦးစိုးထက်က ပြောပါတယ်။

ဆန်က ဆိုင်တွေမှာ ရောင်းမယ့်သူ မရှိဖြစ်လာနေတယ်လို့လည်း နေရပ်စွန့်ခွာပြည်သူများကို အကူအညီပေးနေတဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

"ဆန်က အပြင်မှာဝယ်လို့လည်း အဆင်မပြေဘူး၊ မရှိဘူးပေါ့၊ ရောင်းမယ့်သူလည်းမရှိ ဖြစ်နေတယ်၊ ဒီလ ရက် ၂၀ ကျော်လောက်ကစပြီး ဆန်အခက်အခဲပြဿနာက ကြုံတွေ့နေရတယ်၊ လက်ရှိမှာ ဆန်အကူအညီက ရဖို့ မရှိတော့ မြို့ပေါ်ကပြည်သူတွေရော၊ ကျေးလက်က ပြည်သူတွေရော စားဝတ်နေရေးကို တော်တော်လေးကို စိုးရိမ်နေကြတယ်" လို့ ချင်း နေရပ်စွန့်ခွာပြည်သူများ ကူညီထောက်ပံ့ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

လူဦးရေ ၆ သောင်း ကျော်ရှိတဲ့ ပလက်ဝမြို့နယ်မှာ လူအများစုက ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်ပြီး စစ်ဘေးရှောင်ရတဲ့သူတွေကလည်း ပလက်ဝမှာ ၉၀၀၀ ကျော်ရှိသလို၊ ဆမီးမှာ ၄၀၀၀ ကျော် အထိ ရှိလာနေတာပါ။

စစ်ဘေးအပြင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကလည်း ပြန်တက်လာတဲ့အခြေအနေအောက်မှာ ကုန်စည်စီးဆင်းမှု အခက်အခဲကြီးမားလာနေတာကို ပလက်ဝ ပြည်သူတွေ ခံစားနေရပါတယ်။

"ပုံမှန်အချိန်တုန်းကဆိုရင် ဆန်က (ရိုးရိုးအဆင့်အခြေခံဆန်) တအိတ်ကို ၂၀, ၀၀၀ ကျပ်လောက်ရှိတာဖြစ်ပေမဲ့ အခုဆိုရင် ၆၅, ၀၀၀ ကနေ ၇၅, ၀၀၀ အထိဖြစ်နေတာ" လို့ ဦးကျော်အောင်က ပြောပါတယ်။

ကြက်ဥ တလုံး ၅၀၀ ကျပ်ဖြစ်နေသလို၊ တခြား အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်၊ ဆား၊ ငပိ စတဲ့ ကုန်တွေကလည်း ၂ ဆ၊ ၃ ဆ တက်နေတာလို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

ဆမီးအထိ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လာခွင့်ပြုထားကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ ဆမီးနဲ့ မတူပီ ကားလမ်းတဝိုက်မှာလည်း (အေအေ လက်နက်ကိုင်အဖွဲ့ နဲ့ အစိုးရ တပ်မတော်တို့အကြား) တိုက်ပွဲတွေက ဖြစ်လာတဲ့အတွက် ပုံမှန် တရက်ခရီးတောင် မရှိတဲ့လမ်းကို ၂ ညအိပ် ၊ ၃ ညအိပ် ခရီးသွားနေရကြောင်း ဦးကျော်အောင်က ပြောပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme - WFP) အနေနဲ့ ပလက်ဝက အကူအညီလိုနေသူတွေ အတွက် ဆန်ထောက်ပံ့တာရှိတတ်ပေမဲ့ အခုကာလမှာ အကူအညီက ဘယ်ကနေ၊ ဘယ်အချိန်မှာ ရောက်လာမှာလဲ ဆိုတာက မသေချာတဲ့အတွက် ဆန်ပြတ်တောက်မှာကို ဒေသခံတွေ စိုးရိမ်လာပုံ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54279402

ပလက်ဝ လူထု “စားရေရိက္ခာခက်ခဲနေ” လို့ ချင်းပြည်နယ်ဝန်ကြီး တဦးပြော  ပလက်ဝ လူထု “စားရေရိက္ခာခက်ခဲနေ” လို့ ချင်းပြည်နယ်ဝန်ကြီး တဦးပြော Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.