ရောဂါကူးမှာထက် ပစ်ခတ်ခံရမှာကြောက်တယ်လို့ ရသေ့တောင်က ထွက်ပြေးလာသူတွေပြော

ကိုဗစ် ကူးစက်မှု များပြားတဲ့ စစ်တွေဘက်ကို ထွက်ပြေးလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းက စက်တင်ဘာ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းမှာ ထွက်ပြေးခဲ့သူတွေ စစ်တွေမြို့နဲ့ အနီးအနားက ရွာတွေကို ထောင်ချီ ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေပေမယ့် ကျေးရွာအနီးဝန်းကျင်မှာ ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ရောဂါကူးစက်မှာထက် လက်နက်ကြီးနဲ့ အပစ်ခံရမှာကိုစိုးရိမ်ပြီး အခုလိုထွက် ပြေးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးစဲကျွန်းဒေသဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ စစ်တွေမြို့နယ်ရဲ့ တစ်ဖက်ကမ်းမှာရှိပြီး မနေ့ကတစ်နေ့တည်းမှာထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာတွေက ဒေသခံရွာသား နှစ်ထောင်လောက်ရှိပြီး အဲ့ဒီထဲက ထက်ဝက်လောက်ဟာ စစ်တွေမြို့ပေါ်က ဂေါသိတာရာမ ဘုန်းတော်ကြီးကျောင်းကို လာရောက်ခိုလှုံနေကြတာ ဖြစ်တယ်လို့ ထွက်ပြေးလာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျန်တဲ့ထက်ဝက်လောက်ကတော့ စစ်တွေမြို့ပေါ်နေရာတွေနဲ့ ကျေးရွာတွေကိုထွက်ပြေးရောက်ရှိနေကြတယ်လို့ ဂေါသိတာ ရာမ ဘုန်းတော်ကြီးကျောင်းကိုရောက်ရှိနေတဲ့ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ ရွှေလောင်းတင်ကျေးရွာသူ ဒေါ်ခင်ခင်သန်းက ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ ကူတောင်ကျေးရွာကို တပ်မတော်ရေယာဉ်ဆိုက်ကပ်ပြီး ကုန်းပေါ်မှာလည်း တပ်မတော်သားတွေ နေရာယူထားတဲ့အတွက် ကူတောင်တိုက်နယ်အတွင်းမှာရှိတဲ့ ကူတောင်ကျေးရွာအပါအဝင် ရွှေလောင်းတင်၊ ဦးဂါ၊ ကံပြင်၊ မြင်းကန့်ချောင်း၊ ရေပိုက်ဆုံစတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ သွားရောက်ကူညီ ပေးခဲ့တဲ့ မေယုဒေသပရဟိတအဖွဲ့က ကိုမေယုထွန်းက ပြောပါတယ်။

မနေ့က ထွက်ပြေးလာခဲ့ကြတဲ့အချိန်မှာ စစ်တွေကမ်းကိုဖြတ်ကူးပြီးထွက်ပြေးလာခဲ့တဲ့သူတွေကို ရောဂါကူးစက်မှုတွေ မဖြစ်ပွားဖို့အတွက် မေယုဒေသပရဟိတအဖွဲ့ကနေပြီး ထွက်ပြေးလာသူတွေအတွက် Mask တွေကို သွားရောက် ဝေငှပေးခဲ့ကြပါတယ်။

ဒါ့အပြင် မိုးစဲကျွန်းမှာ ကျေးရွာပေါင်း ၂၄ ရွာရှိပြီး ကုန်းတွင်းပိုင်းကျေးရွာတွေက ဒေသခံတွေဟာ စစ်တွေမြို့ပေါ်နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခဲ့ကြသလို မေယုမြစ်ကမ်းနံဘေးမှာ နေထိုင်ကြတဲ့ ကျေးရွာသားတွေလည်း နီးစပ်ရာနေရာတွေဖြစ်တဲ့ မြစ်တစ်ဖက်ကမ်း ကျေးရွာတွေကို ထွက်ပြေးနေကြတာတွေရှိနေတယ်လို့ ကိုမေယုထွန်းက ပြောပါတယ်။

"မနေ့က ဒီဘက် ကူတောင်ဘက်ကနေ ထွက်ပြေးကြတာ ရွာအနည်းဆုံး ငါးရွာလောက်ရှိပါတယ်။ တချို့ရွာတွေဆိုရင် လူတစ်ယောက်မှမရှိတော့ဘူး။ မနေ့ကကျွန်တော် ရေပိုက်ဆုံထိ ရောက်ခဲ့တယ်၊ အဲ့ဒီမှာလည်း ရွာသားတွေထွက်ပြေး နေသွားကြပြီ။ ကျန်တဲ့ရွာသားတွေကိုတော့ မပြေးကြဖို့အတွက် ပြောခဲ့တယ်။ ဒီဘက် မြစ်ကမ်းစပ်ဖက်မှာနေတဲ့ ရွာသားတွေလည်း မြစ်တစ်ဖက်ကမ်းကိုပြေးကြတာ ရှိတယ်။ နေဗီက အတက်အဆင်းရှိနေပြီး ပစ်ခတ်တာတွေလုပ်နေတော့ သူတို့လဲ ရွာမှာမနေရဲတော့ဘူး"လို့ ကိုမေယုထွန်းက ပြောပါတယ်။

ဒေသခံ ပရဟိတအဖွဲ့က နှာခေါင်းစည်းတွေ ဝေပေးထား

အဲ့ဒီကျေးရွာတွေမှာ လူတွေမရှိတော့ပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ တပ်မတော်ရေ သင်္ဘောတွေနဲ့ ရသေ့တောင်မြို့ပေါ်တပ်စခန်း တွေကနေ ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ သွားရောက်အကူအညီပေးခဲ့သူတွေက ပြောပါတယ်။

မနေ့ကပစ်ခတ်မှုအတွင်း ရွှေလောင်းတင်ကျေးရွာမှာ လက်နက်ကြီးကျပြီး နေအိမ်တစ်လုံး ပျက်စီးသွားခဲ့တယ်လို့ သတင်းကြားကြောင်း ဒေါ်ခင်ခင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရွှေလောင်းတင်ကျေးရွာ အတွင်း လက်နက်ကြီးကျပြီး ရွာသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြတဲ့အတွက် ရွှေလောင်းတင်၊ မြင်းကန့်ချောင်း၊ ကံပြင် ကျေးရွာသားတွေဟာ ရေပိုက်ဆုံ ရွာကို ထွက်ပြေးခဲ့ပါတယ်။

ရေပိုက်ဆုံရွာကနေ ကျေးရွာတွေကို ပြန်သွားခဲ့ကြပြီး နောက်တစ်ရက်မှာ အခုလိုထပ်မံထွက်ပြေးခဲ့ကြရတာ ဖြစ်ပြီး ဇူလိုင်လအတွင်းကလည်း တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးကြောင့် မိုးစဲကျွန်းဒေသတစ်ခုလုံး လူတွေသောင်းနဲ့ချီပြီး ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လအတွင်းက တပ်မတော်စစ်ကြောင်းတွေ မိုးစဲကျွန်းဒေသကို အခုလိုမျိုး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့အချိန်မှာ ဦးဂါကျေးရွာက ကလေးလေးယောက်မိခင် အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးယောက်က အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေတို့နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွာ ၁၀ ရွာ ကျော် ပျက်စီးသွားခဲ့ပြီး ပြန်လည်သွားရောက်နေထိုင်လို့မရတော့လို့ ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် လေးသောင်းလောက် ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ကျေးရွာသားအများအပြားဟာ စစ်တွေမြို့ပေါ်နဲ့ တခြားဒေသတွေမှာ ရောက်ရှိခိုလှုံနေကြတာတွေ ရှိနေပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု နှစ်နှစ်ကျော်ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း နှစ်သိန်းကျော်အထိ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54279400

ရောဂါကူးမှာထက် ပစ်ခတ်ခံရမှာကြောက်တယ်လို့ ရသေ့တောင်က ထွက်ပြေးလာသူတွေပြော  ရောဂါကူးမှာထက် ပစ်ခတ်ခံရမှာကြောက်တယ်လို့ ရသေ့တောင်က ထွက်ပြေးလာသူတွေပြော Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.