မြေပုံမြို့နယ်မှာ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးရိုက်နှက်ခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦိးကို ၂၀၁၉ စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက မြိုင်သာယာရွာသားနှစ်ယောက်ကို တပ်မတော်က မနေ့က ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ် မြိုင်သာယာရွာက အသက် ၂၆ နှစ်အရွယ် ကိုထွန်းမြင့်သန်းနဲ့ အသက် ၂၈ နှစ်အရွယ် ကိုမြင့်မောင် တို့ နှစ်ယောက် စက်တင်ဘာ ၂၁ ရက် မနေ့မနက်က ဖမ်းဆီးခံခဲ့ရတာပါ။ ယိုးဆနွင်းရွာမှာ ကလေးမွေးစာရင်းယူဖို့အသွား လမ်းမှာ တပ်မတော်စစ်ကြောင်းတခုနဲ့ တွေ့ပြီး၊ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဥက္ကံရွာမှာ ယာယီတပ်စခန်းချထားတဲ့ စစ်ကြောင်းကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ရိုက်နှက်ခံရလို့ ခေါင်းနဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

“မနေ့က ၈ နာရီလောက်က ယိုးဆနွှင်းကိုသွားပြီးတော့ ထွန်းမြင့်သန်းရဲ့ကလေး မွေးစာရင်းကို သွားပေးတာ။ ဆိုင်ကယ်နဲ့ နှစ်ယောက်သွားတာ အဲဒီလမ်းမှာ ဥက္ကံဆိုတဲ့ရွာက စစ်သား ဖမ်းပြီး ရိုက်တယ်။ AA နဲ့ ပတ်သက် တယ်ဆိုပြီးတော့ ရိုက်လွှတ်လိုက်တာ။ မြင့်မောင်ဆိုတဲ့သူမှာတော့ ဦးခေါင်းကွဲ သွားတယ်။ ထွန်းမြင့်သန်း ကတော့ မျက်နှာတွေ အကုန်လုံး ရောင်ရမ်းပြီးတော့ ဖြစ်သွားပါတယ်။ လေးယောက်လောက် ဝိုင်းပြီးတော့ ရိုက်တယ်လို့ပြောတယ်။ လက်ရှိ အခြေအနေက သူတို့ကို ဆေးထိုးနေရတယ်ပေါ့။ စစ်တပ်က အထက်က လူကြီးတွေကိုလည်း ပြောချင်ပါတယ်။ အခုလို ရွာမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့သူတွေကို မနှိပ်စက်ပါနဲ့။ ဒီလို နောက်ထပ် မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။”

သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့  ဖမ်းဆီးထားတဲ့စစ်ကြောင်းက ဗိုလ်မှူးဆီမှာ မိသားစုဝင်တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေ သွားရောက် တောင်းဆိုခဲ့ကြတဲ့အတွက် မနေ့ညနေ ၆ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မြိုင်သာယာရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှခင် က RFA ကို ပြောပါတယ်။

“ရပ်မိရပ်ဖ နှစ်ယောက်ပါတယ်။ ပြီးတော့ ဆယ်အိမ်မှူး နှစ်ယောက်ပါတယ်။ ခေါ်ထားတဲ့ကောင်လေးမိဘနှစ် ယောက်ပါတယ်။ နောက်တစ်ယောက်မှာ ဇနီးတစ်ယောက်ပါတယ်။ သူတို့နဲ့အတူ ကျနော်တို့ ဗိုလ်မှူးနဲ့ သွားတွေ့တယ်။ ဗိုလ်မှူးက ကျနော်တို့ကို ပြောတယ်။ သူတို့ဖုန်းထဲမှာ မသင်္ကကာစရာတွေ တွေ့တယ်။  Miss call ပေးထားတာတွေ တွေ့တယ်တဲ့။ မသင်္ကစရာတွေ့တာနဲ့ ခေါပြီး စစ်ဆေးတာပါ အုပ်ချုပ်ရေးမှူး။ ဘာမှစိုးရိမ်စရာ မလိုပါဘူးဆိုပြီး ပြောတယ်။ ကျနော်တို့သွားတာနဲ့ ခဏနေရင် သူတို့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။”

ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအမ်းသားကြီးကလည်း ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး ရွာသားတွေက သူ့ကို အကူအညီ တောင်းလာတယ်လို့ ပြောပါတယ်။

“အကိုတို့ တချက်လောက်ကူညီပါဦးဆိုပြီးတော့ ပြောလာတယ်။ ကျနော်တို့လည်း အဲဒီနေရာနဲ့ နည်းနည်းလှမ်းတော့ ဘယ်လိုအကူအညီပေးလို့ ပေးရမှန်းမသိဘူး ဖြစ်သွားတယ်။ အဖွဲ့အစည်းတစ်ခုဆိုတာ ဂုဏ်သိက္ခာရှိတယ်။ အဲဒီအဖွဲ့ကို အုပ်ထိန်းထားတဲ့ အုပ်ထိန်းသူရှိတယ်။ အဲဒီအုပ်ထိန်းသူတွေက သိပါလျက်နဲ့ ဥပမာပြောရလို့ရှိရင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ပေါ့။ အဲဒီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပေါ်တင်ကြီးကို လိမ်ပြီးတော့ ပြောနေတဲ့အခါကျတော့ အဲဒီအထက်အရာရှိတွေက လူ့အခွင့်အရေးချိုးဖောက်ဖို့ စေခိုင်းနေသလို ဖြစ်နေတယ်။”

လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်မင်း ကလည်း အရပ်သားတွေအပေါ် အခုလို ညှဉ်းပန်း နှိပ်စက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို၊ စစ်ရာဇဝတ်မှုလည်း မြောက်တယ်လို့ ပြောပါတယ်။

“စစ်တပ်က ပြည်သူတွေ သံသယနဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာ ကျနော်တို့ရထားသလောက်တော့ လူပေါင်း ၂ဝဝ ကျော်လောက် ရှိတယ်။ တချို့က လက်လွန်ပြီးတော့ တပ်မတော်လက်ထဲမှာ သေဆုံးသွားတာတွေ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ကလည်း အောက်ခြေတပ်သားတွေကို ထိရောက်စွာ ကိုင်တွယ် အရေးယူမှု မရှိသလို အစိုးရကလည်း ဒါတွေကို နှုတ်ဆိတ်နေသလို တွေ့နေရတယ်။ အရပ်သားပြည်သူတွေကို ညှဉ်းပန်း နှိပ်စက်တာတွေအပေါ်မှာ အစိုးရကလည်း နှုတ်ဆိတ်နေခြင်းဟာ တပ်မတော်သားတွေ ကျူးလွန်နေတာကို အားပေးသလိုဖြစ်နေတယ်။ ကျနော်တို့ကတော့ အဲဒီလိုပဲ မြင်တယ် ”

ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးနှိပ်စက်စစ်ဆေးတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါခဲ့တာပါ။ ဒဏ်ရာတွေနဲ့ ပြန်လွတ်လာတဲ့ အရပ်သားတွေလည်းရှိသလို၊ စစ်ကြောရေးကာလအတွင်းမှာ သေဆုံးသွားသူတွေလည်း ရှိခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ၂ဝ၁၉ နှစ်ဆန်းပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်ကြောရေးစခန်းမှာ ဖမ်းဆီးစစ်ဆေးချိန် သေဆုံးတဲ့ အရပ်သား ၃ဝ အထိ ရှိပါတယ်။

မေလဆန်းတုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျောက်ဆိပ်ရွာသား ငါးယောက်ကို သံသယနဲ့ ဖမ်းဆီးခဲ့ ပြီး စစ်တွေမြို့မရဲစခန်းကို တပ်မတော်ရေယာဉ်နဲ့ ပို့ဆောင်ချိန် ရေယာဉ်ပေါ်မှာ ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ဗွီဒီယို တခု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်မှာတော့ တပ်မတော်က ဝန်ခံခဲ့ပြီး၊ ဥပဒေနဲ့မညီဘဲ စစ်ဆေးမေးမြန်းခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူ မယ်လို့ မေလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ပွဲတွေအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်ထဲက ဒေသခံအရပ်သားတွေဟာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရ တာ၊ ပျောက်ဆုံးသွားတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်ရတာတွေ ရှိနေပြီး၊ ဒါတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့ ဒီလထဲ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲ ဘတ်ရှ်လတ်ခ် Michelle Bachelet က သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ပြဿနာတွေ ကို ကိုင်တွယ်ဖို့  နိုင်ငံတကာ တရားရေးလမ်းကြောင်းအတိုင်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေမှာ မြန်မာအစိုးရအနေနဲ့  အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-soldiers-torture-two-villagers-in-myebon-09222020075937.html

မြေပုံမြို့နယ်မှာ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးရိုက်နှက်ခဲ့  မြေပုံမြို့နယ်မှာ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးရိုက်နှက်ခဲ့ Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.