သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်သူ တရုတ်သူဌေး ထောင် ၁၈ နှစ်ကျ

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုကို တရုတ်အစိုးရရဲ့ ကိုင်တွယ်မှုအကြောင်း ဝေဖန် ရေးသားခဲ့ပြီးတဲ့နောက် မတ်လထဲမှာ မစ္စတာ ရန် ပျောက်ဆုံးသွားခဲ့

တချိန်က အိမ်ခြံမြေ လုပ်ငန်းမှာ သြဇာရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ တရုတ်သူဌေးကြီးတဦး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင် ၁၈ နှစ် ပြစ်ဒဏ်ချခံလိုက်ရပါတယ်။

သူဌေးကြီး မစ္စတာ ရန် ဂျင်ချမ်း ဟာ "အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ လုပ်မှု၊ အများပြည်သူ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှု" စတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ဘေကျင်းမြို့မှာ ရှိတဲ့ တရားရုံးတခုက အမိန့်ချခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာ Global Times သတင်းစာက ဖော်ပြပါတယ်။

နောက်ပြီး တရုတ်ယွမ်ငွေ ၄.၂ သန်း သူ ဒဏ်ကြေးပေးဆောင်ရမယ်လို့လည်း ဆိုပါတယ်။

သမ္မတ ရှီကို ဝေဖန်ထားတယ်လို့ ပြောဆိုကြတဲ့ ဆောင်းပါးတိုတစ်ပုဒ် ရေးသားပြီးတဲ့နောက် မကြာမီမှာပဲ ဒီနှစ် မတ်လတုန်းက မစ္စတာ ရန် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာထဲမှာ သမ္မတ ရှီလို့ တိုက်ရိုက် သုံးနှုန်းထားတာ မဟုတ်ပေမယ့် သမ္မတကို ဝေဖန်ထားတယ်လို့ အများက ယူဆထားကြတာပါ။

မစ္စတာ ရန်ဟာ ၁.၂၅ သန်း တန်ကြေးရှိတဲ့ တံစိုးလက်ဆောင်တွေကို ရယူခဲ့သလို တရုတ် ယွမ်ငွေ သန်း ၅၀ နီးပါးကိုလည်း ငွေအလွဲသုံးစား လုပ်ခဲ့တယ်လို့ ဒေသတွင်း အရေးကြီးတဲ့ အမှုတွေကို ကိုင်တွယ်လေ့ရှိတဲ့ ဘေကျင်းတရားရုံးတခုက ပြောပါတယ်။

မစ္စတာ ရန်အနေနဲ့ ဒီပြစ်မှုတွေအားလုံးကို "ဆန္ဒအလျောက်" ဖြောင့်ချက်ပေးနိုင်တယ်ဆိုပေမယ့် တရားရုံးဆုံးဖြတ်ချက်ကိုတော့ အယူခံတင်ခွင့် မရှိဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဟွာရမ်း အိမ်ခြံမြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မစ္စတာ ရန်ဟာ စီးပွားရေးလောကမှာ သြဇာညောင်းတဲ့ သူဌေးကြီးတဦး ဖြစ်ခဲ့ရုံတင် မကပါဘူး။

ဝန်ကြီးဌာနတခုက အရာရှိရဲ့ သားဖြစ်တဲ့ သူဟာ ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိသူလို့ ပြောဆိုကြပြီး အထူးသဖြင့် ပါတီအပေါ် ထိထိရောက်ရောက် ဝေဖန်ခွင့် ရထားသူတဦးလို့လည်း ယူဆကြပါတယ်။

ဝေဖန်သူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ကန့်သတ် ထိန်းချုပ်ဖို့အတွက် တရုတ်အစိုးဟာ အဂတိလိုက်စားမှု ပုဒ်မတွေကို သုံးလေ့ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တလျှောက်လုံး စွပ်စွဲပြောဆိုနေပါတယ်။

ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေး အမြင်သဘောထားများ

မစ္စတာ ရန်ရေးသားခဲ့တဲ့ စာတမ်းတို တပိုဒ်ဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ တရုတ်အစိုးရဲ့ ကိုင်တွယ်မှုအကြောင်း ဝေဖန်ရေးသားထားတာ ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင် ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားပြီးတဲ့နောက်မှာ အဲဒီလို ရေးခဲ့တာပါ။

သူ့ရဲ့ ဝေဖန်စာထဲမှာတော့ မစ္စတာ ရှီလို့ တိုက်ရိုက် ရေးသားထားတာ မရှိပါဘူး။

ဒါပေမဲ့ China Digital Times သတင်းဌာနကြီးရဲ့ သတင်းတပုဒ်မှာတော့ "မိန့်ခွန်းနဲ့ ပတ်သက်လို့ ကျွန်တော်လည်း တာဝန်သိစွာ၊ သိချင်စိတ် အင်မတန် ပြင်းပြစွာ လေ့လာနေပါတယ်။ အဲဒီမှာ ကျွန်တော် မြင်ခဲ့တာကတော့ အဝတ်အစားအသစ်တွေ ဝတ်ဆင်ပြီး မတ်တပ်ရပ်နေတဲ့ ဘုရင်မင်းမြတ်တပါး မဟုတ်ပါဘူး။ အဝတ်တထည်မှ မဝတ်ဘဲ ကိုယ်တုံးလုံး ဖြစ်နေတဲ့ ပြောင်ချော်ချော် လူပြက်တယောက် ဖြစ်ပြီး သူဟာ မင်းဧကရာဇ်တပါးပါးလို့ ဆက်တိုက် ပြောဆိုနေတယ်" လို့ ရေးသားထားပါတယ်။

ဒီစာ ရေးပြီး မကြာမီမှာပဲ မစ္စတာ ရန့်ကို " ကြီးလေးတဲ့ စည်းကမ်းချိုးဖောက်မှုတွေနဲ့ သံသယရှိတဲ့အတွက်" စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကို ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

အမှန်တရားကို စိတ်ထဲရှိတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုခဲ့မှုတွေအတွက် "Ren Cannon" "ရန် အမြောက်" လို့ နာမည်ပြောင် ပေးခံထားရတဲ့ မစ္စတာ ရန်အတွက်တော့ အာဏာပိုင်တွေရဲ့ မျက်မုန်းကျိုးတာ ခံရတာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

သမ္မတ ရှီကို ဝေဖန်ခဲ့တဲ့အတွက် ၂၀၀၆ ခုနှစ်မှာလည်း တွစ်တာလိုမျိုး သူ့ရဲ့ မိုက်ခရိုဘလော့ခ် အကောင့်တွေ အပိတ်ခံခဲ့ရပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာကို အခွန်ဆောင်သူတွေရဲ့ ရန်ပုံငွေနဲ့ တည်ထောင်ထားတဲ့အတွက် ကွန်မြူနစ်ပါတီအစား ပြည်သူတွေကို အလုပ်အကျွေးပြုသင့်တယ်လို့ ဝေဘို ဘလော့ခ်မှာ သူရေးခဲ့ပါတယ်။

သူ့ရဲ့ ရေးသားချက်ကို အစိုးရ သတင်းမီဒီယာက နောက်ပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။

သူဟာ "ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေး အတွေးအမြင်တွေ ရှိသူတဦး"လို့လည်း ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54251226

သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်သူ တရုတ်သူဌေး ထောင် ၁၈ နှစ်ကျ  သမ္မတ ရှီကျင့်ဖျင်ကို ဝေဖန်သူ တရုတ်သူဌေး ထောင် ၁၈ နှစ်ကျ Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.