ကိုဗစ်နဲ့အတူ ရာသီတုပ်ကွေးပါ သတိထားဖို့လို

ရန်ကုန်မြို့တွင်း နှာခေါင်းစည်းတပ် သွားလာနေသူအချို့။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေး အန္တရာယ်ကိုလည်း သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို အိမ့်သန္တာထွန်းက စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအန္တရာယ်ကို အများက အာရုံစိုက်နေချိန်မှာပဲ ရောဂါလက္ခဏာ ဆင်တူတဲ့ ရာသီတုပ်ကွေးရောဂါကို သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေကြတာပါ။ ဒါကြောင့်လည်း သာမန်ဖျားနာတာ၊ နှာချေချောင်းဆိုးတာဆိုပြီး ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ ကျန်းမာရေးဌာန ဆေးရုံဆေးခန်းတွေကို သွားရောက်ပြသပြီး စစ်ဆေးမှုခံယူကြဖို့ အထွေထွေရောဂါ အထူးကုဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပါတယ်။

“ခုအချိန်မှာ ဒီ ရာသီတုပ်ကွေးနဲ့ ကိုဗစ်ရဲ့ လက္ခဏာတွေ အကုန်လုံး ဆင်တူတဲ့အတွက်ကြောင့် အခုအချိန်မှာဖြစ်သော ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အဲ့ကိစ္စတွေအားလုံးကို ကိုဗစ်လို့ သံသယထားပြီးတော့ စစ်ဆေးပြီးတော့ ပိုးမတွေ့ဘူး၊ Negative ဖြစ်တယ်ဆိုမှ ဒါသည် ရာသီတုပ်ကွေးကြောင့် ဖြစ်ဖို့များတယ်လို့ ပြောလို့ရတာပေါ့နော်။ ဆိုတဲ့ခါကျတော့ ဒီအချိန်မှာ နံပါတ် ၁ ကတော့ COVID-19 ရဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဆောင်ရွက်ခြင်းအားဖြင့် ရာသီတုပ်ကွေး ဖြစ်ပွားမှုကိုလည်း လျော့ကျစေတာ တွေ့ရတယ်။

“ခုချိန်မှာ ကိုယ် ဖျားနာချောင်းဆိုးခြင်း ဖြစ်တဲ့ဟာကို ရာသီတုပ်ကွေးကြောင့်ဖြစ်မယ် ဆိုပြီးတော့ ကိုဗစ်ကြောင့် မဟုတ်နိုင်ဘူးလို့ ယူဆပြီးတော့ နေထိုင်ခြင်းမျိုး မလုပ်သင့်ဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုဗစ်ဟုတ်မဟုတ် စစ်ဆေးမှု အရင်ယူရမယ်။ ပြီးတော့မှ ကိုယ့်ဆီက သူများဆီကို မကူးစက်အောင် စနစ်တကျ နေထိုင်ပြီးတော့ ကိုယ်ခံအားကောင်းအောင် လုပ်ရမယ်ပေါ့နော်။ အဲ့တော့ ဒီအချိန်မှာ ဒါကို ခွဲခြားဖို့ခက်နေတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်မှာဖြစ်သော ဖျားနာ နှာစေးချောင်းဆိုးခြင်းကို COVID-19 ကဲ့သို့ပဲ သဘောထားပြီးတော့ ဆောင်ရွက်ကြဖို့ပဲ ဆရာက ပြောချင်ပါတယ်။”

နှစ်စဉ်ကြုံရလေ့ရှိတဲ့ ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးထိုးနှံတာ၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့ နှာခေါင်းစည်းတပ်တာ မကြာခဏ လက်ဆေးတာမျိုးတွေကြောင့် အရင်နှစ်တွေထက် ရာသီတုပ်ကွေးဖြစ်ပွားမှု နည်းပါးတာ တွေ့ရတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့်လည်း ရာသီတုပ်ကွေးနဲ့ ကလေးတွေမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်တွေဟာ သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးက ပြောပါတယ်။

“ကလေးသူငယ်တွေ အများဆုံး ကူးခံရတာပေါ့နော်။ လူကြီးတွေလည်း အသက် ၅၀၊ ၆၀ အထက်တွေ ကူးခံရတာ၊ ကိုရိုနာလည်း ဒီအတိုင်းပါပဲ။ အဲ့တော့ ကူးစက်မှုတွေကို ဂရုစိုက်မယ်ဆိုရင်တော့ ကူးစက်မှုတွေ လျော့သွားနိုင်တယ်။ တခုထူးခြားတာက ကလေးတွမှာ ရာသီတုပ်ကွေးလို့ မှန်းရင်းနဲ့ သွေးလွန်တုပ်ကွေး ဖြစ်နေတတ်တယ်။ သွေးလွန်တုပ်ကွေးကျေတော့ အသက်ရှူလမ်းကြောင်းကနေ ကူးတာမဟုတ်ဘဲနဲ့ ခြင်ကိုက်လို့ ကူးကြတာလေ။ ကလေးတွေမှာ ခြင်ကိုက်လို့ ဖျားလာတဲ့ အဖျားက သာမန်တုပ်ကွေး၊ ရာသီတုပ်ကွေးတို့လို ထင်နေနိုင်တယ်ပေါ့။ ကိုက်ခဲနာကျင်ဖျားပြီး အဲ့လိုဖြစ်နေတဲ့ အခါကျတော့ ဒီ သုံးလေးရက်အတွင်းမှာ ကလေးက သွေးလန့်ပြီးတော့ ရှော့ဖြစ်ပြီး သေသွားနိုင်တယ်။ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေမှာလည်း တုပ်ကွေးလက္ခဏာလေးတွေရော ဒီလိုမျိုး ကလေးတွေဖျားရင်တော့ ရာသီတုပ်ကွေးကာလမှာ သွေးလွန်တုပ်ကွေးများ ဖြစ်နေမလားလို့လည်း စဉ်းစားထားဖို့လိုပါတယ်။ ခြေဖျားလက်ဖျားတွေ အေးသလား၊ မှိန်းနေသလား၊ ဂနာမငြိမ်ဖြစ်နေသလား၊ ကလေးက ရေသိပ်မသောက်တော့ဘူးလား၊ အန်သလား၊ အဲ့လိုမျိုး လက္ခဏာတွေနဲ့ ခွဲခြားလေ့ရှိပါတယ်။”

ဒီကာလမှာ တုပ်ကွေးလက္ခဏာရှိရင် အိမ်မှာနေစဉ်မှာလည်း နှာခေါင်းစည်းတပ်ဖို့၊ လက်မကြာခဏဆေးဖို့၊ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်မနေဖို့ စတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့အပြင် ကိုဗစ်ရောဂါ ကူးစက်ခံရတာမျိုး ဖြစ်နေရင် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်နိုင်ဖို့နဲ့ တခြားသူတွေကို ထပ်ပြီး ကူးစက်တာမျိုး မဖြစ်ဖို့အတွက် တုပ်ကွေးလက္ခဏာပေါ်လာရင် ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-season-flu/5596208.html

ကိုဗစ်နဲ့အတူ ရာသီတုပ်ကွေးပါ သတိထားဖို့လို ကိုဗစ်နဲ့အတူ ရာသီတုပ်ကွေးပါ သတိထားဖို့လို Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.