ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာရန်ကျဲ့ချိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း သီးခြား နာရီဝက်ခန့် တွေ့ဆုံ

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာရန်ကျဲ့ချိ ဟာမြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။

သူ့ရဲ့လာရင်း ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ရာမှာတော့ ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဥ်နဲ့ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းစတာတွေ အဓိက ပါဝင်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး လာရောက်လည်ပတ်ပြီး တစ်ပတ်အကြာမှာပဲ တရုတ်အစိုးရရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်လစွန်းစွန်းသာ လိုတော့တဲ့အချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဟာ အရေးကြီးတဲ့ခရီးစဥ်ဖြစ်သလို တရုတ်အစိုးရရဲ့ဒေသတွင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေကို လာရောက် ညှိနှိုင်းတာနဲ့ ရွေးကောက်ပွဲမှာ အန်အယ်ဒီ အနိုင်ရရှိရေး လည်း ပါဝင်နိုင်တယ်လို့ မြန်မာ တရုတ် အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပြောဆိုပါတယ်။

ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစုလည်း သြဂုတ်လ ကုန်ပိုင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံခဲ့

နေပြည်တော်ကို ခပ်စိတ်စိတ်လာနေကြတဲ့ နိုင်ငံတကာ သံတမန်တွေ

တရုတ် အထူးကိုယ်စားလှယ်အနေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးထက်စောပြီး လက်ခံ တွေ့ဆုံပေးဖို့ မြန်မာအစိုးရထံ တောင်းဆိုပေမဲ့ အစိုးရက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အကြောင်းကြားစာရရှိတဲ့ အစဉ်လိုက်သာ လက်ခံတွေ့ဆုံခဲ့တဲ့ အတွက် တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို စက်တင်ဘာလ ၁ ရက်နေ့မှသာ ရောက်ရှိလာခဲ့ပါတယ်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ နေပြည်တော်ကိုရောက်ရှိခဲ့တာဖြစ်တယ်။မကြာခင်ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ က အဆင့်မြင့် အရာရှိတစ်ဦးလည်း လာဖို့ အစီအစဉ် ရှိပါတယ်။

မြန်မာနိုင်မှာ ကိုဗစ်နိုင်တင်း ပိုးတွေရှိသူ ပြန်လည်မြင့်တက်လာချိန် ဖြစ်သလို ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းသာ လိုအပ်တဲ့အချိန် ဂျပန် တရုတ် အိန္ဒိယ စတဲ့ နိုင်ငံတွေက အစိုးရကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဟာ လတ်တလော အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးဖို့ရှိလို့ လာရောက်တာလို့ ယုံကြည်သူတွေ ရှိပါတယ်။

တရုတ်ဘက်က နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းမှု ကိုအရှိန်မြှင့်လို

တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်ခရီးစဥ် ဘယ်လောက် အရေးကြီးလဲ

နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာရန်ကျဲ့ချိဟာ တရုတ်အစိုးရရဲ့နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူဖြစ်သလို့ လက်ရှိမှာလည်းနိုင်ငံတော်ကောင်စီဝင်တစ်ဦး ဖြစ်ပါတယ်။

"နိုင်ငံတကာ ဆက်ဆံရေးမှာ ဦးဆောင်သူပေါ့၊ နိုင်ငံခြားရေးမူဝါဒတွေ ဆွဲတဲ့အခါမှာ အရေးပါတဲ့သူပေါ့ "လို့မစ္စတာ ရန်ကျဲ့ချိနဲ့ ပတ်သက်လို့မြန်မာ တရုတ် အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ကပြောပါတယ်။

တရုတ် အစိုးရအဖွဲ့မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ နေပြည်တော်ကိုရောက်ရှိလာတဲ့ တရုတ် အထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နှစ်ဦးတည်း သီးခြား နာရီဝက်ခန့် တွေ့ဆုံခဲ့တယ်လို့လည်း အမည်မဖော်လိုသူ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲလည်း တွေ့ဆုံခဲ့ပါတယ်။

အင်္ဂလိပ်စကားကို ကောင်းမွန်စွာပြောတတ်တဲ့ တရုတ်အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးခြားတွေ ဆုံခဲ့တာကို ကြည့်ခြင်းအားဖြင့် တရုတ်ကိုယ်စားလှယ်ရဲ့ခရီးစဉ်ဟာ အရေးကြီးကြောင်း သက်သေပြချက်တစ်ခုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရ အထူးကိုယ်စားလှယ်တို့ သီးခြားစီ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ မစ္စတာ ရန်ကျဲ့ချိဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ်တို့ဟာ နှစ်နိုင်ငံအရေးဆွေးနွေးခဲ့ကြပါတယ်။

ကိုဗစ် ကာကွယ်ဆေးတရုတ်က ထောက်ပံ့မယ့် အကြောင်းမြန်မာအစိုးရဘက်က ထုတ်ပြန်ခဲ့

တရုတ်ကိုယ်စားလှယ် ခရီးစဥ် အပြီးမှာ မြန်မာဘက်ကဘာတွေပြောလဲ

နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အခါ ဇန်နဝါရီလဆန်းက သမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံကို လာခဲ့စဉ်က နှစ်နိုင်ငံ ဆွေးနွေးထားတဲ့ကိစ္စတွေ အကောင်အထည်ဖော်ရေး အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်အနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီးဒေါ်အောင် ဆန်းစုကြည်နဲ့ နှစ်နိုင်ငံရေး ဆွေးနွေးခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆွေဆိုသည်မှာ ကြီးသည်ငယ်သည်မဟုတ် လေးစားရမှာ ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အင်အားစုတစ်ခုကို ပြင်ပကနေ ချုပ်ကိုင်တာမျိုး မရှိသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်လို့လည်း အစည်းအဝေးမှာ ပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကိုပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီမယ်ပြောထားပေမဲ့ လက်နက်ကိုင် အင်အားစုတစ်ခုကို ပြင်ပက ချုပ်ကိုင်တာမျိုး မရှိသင့်ဘူးဆိုတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပြောခဲ့ တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

နှစ်နိုင်ငံ အပြန်အလှန်လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ ပတ်သက်လို့လည်း တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း သဘောတူညီမူ့၆ ခု သဘောတူညီချက် ၃ ခု နားလည်မူ့စာချွန်လွှာ MOU ၁၄ ခုနဲ့စာလွှာ ၁၀ ခုတို့ကို နှစ်ဖက်ကိုယ်စားလှယ်တွေအပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီလိုနှစ်နိုင်ငံသဘောတူခဲ့တဲ့ လုပ်ငန်းတွေကို အမြန်အကောင်အထည်ဖော်ဖို တရုတ် အထူးကိုယ်စားလှယ်က ဆွေးနွေးခဲ့တဲ့အပြင် ကိုဗစ်ရောဂါကာလအတွင်း မြန်မာနိုင်ငံကို ကူညီပေးမယ့် အစီအစဉ် တရုတ်နိုင်ငံက အတိုးနှုန်း သက်သာပြီးပြန်ဆပ်ကာလ ကြာရှည်တဲ့ ချေးငွေချေးပေးမယ့်အကြောင်း ရခိုင်ပြည်နယ် အတွက် တရုတ်အစိုးရက ယွမ်ငွေသန်း ၂၀၀ ထောက်ပံ့မယ့်အကြောင်းနဲ့ နိုင်ငံတကာအရေးမှာ တရုတ်က မြန်မာနိုင်ငံဖက်က ပူးပေါင်း ဆောင်ရွက်မယ် ဆိုတာကိုလည်း တရုတ်အထူးကိုယ်စားလှယ်က ပြောကြားခဲ့တဲ့ အကြောင်းကိုလဲ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း မဒေးကျွန်းဒေသ

တရုတ်မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးတွေ ဘာဆက်ဖြစ်နိုင်သလဲ

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှာဆောင်ရွက်ချင်တဲ့စီမံကိန်း ၃၀ ကျော်လောက်ရှိပေမဲ့ မြန်မာဘက်က သဘော တူထားတာ ၆ ခုပဲရှိပါတယ်၊ အဲဒီ ၆ ခုထဲက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆိုင်တဲ့တစ်ခုပါဝင်ပါတယ်၊ ဒါအပြင် တရုတ်အစိုးရဘက်ကတော့ မူဆယ်မန္တလေးရထားလမ်းပိုင်းကို မြန်မြန်အကောင်အထည်ဖော်ချင်နေတဲ့ သဘောလည်း ရှိတယ်လို့ စီးပွါးရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သန်းမြင့်ကပြောပါတယ်။

ဒီရထားလမ်း စီမံကိန်းနဲ့ပတ်သက်လို့ တရုတ်ဘက်က ဖြစ်နိုင်ခြေလေ့လာမူ အစီရင်ခံစာ ကို မြန်မာအစိုးရထံပေးအပ်ပြီးဖြစ်ပေမဲ့ မြန်မာအစိုးရက မီးရထားလမ်း ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံ တစ်ခုကို ဖြစ်နိုင်ခြေ ထပ်မံ လေ့လာခိုင်းထားတာ ရှိတယ်ဆိုတာကို အစိုးရ သက်တမ်းလေး နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ပြော ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်အစိုးရဘက်ကတော့ မြန်မြန်ဆန် လုပ်စေချင်တဲ့ သဘောရှိပါတယ်။

အခုလို နှစ်နိုင်ငံကြား သဘောတူထားတဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့သလို့ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့လည်း နှစ်နိုင်ငံ ဆွေးနွေးမူ့တွေလည်း ရှိနိုင်တယ်လို့ လေ့လာသူတွေကသုံးသပ်နေကြပါတယ်။

"သူလာတဲ့ ရည်ရွက်မှာတော့ နှစ်ခုရှိနိုင်တယ်၊ တရုတ်က ဒီနှစ်အကုန်မှာ စာချုပ်ချုပ်မဲ့ဟာ နှစ်ခုရှိတယ်၊ မြန်မြန် ဆန်ဆန်လုပ်နေတာ တစ်ခုက အာဆက်ပေါ့ ၊အာဆီယံ ၁၀ နိုင်ငံနဲ့အာရှနိုင်ငံကြီး ၅ နိုင်ငံ လွတ်လပ်တဲ့စျေးကွက် ဖရီးမားကတ် လုပ်ဖိုက တစ်ချက် ၊နောက်တစ်ခုက တောင်တရုတ် ပင်လယ်ထဲမှာ အငြင်းပွားမှုတွေကို ရှင်းရင် လိုက်နာရမယ့် Code of conduct ကိုလက်မှတ်ထိုးကြမယ့် အာဆီယံ ၁၀ နိုင်ငံနဲ့ အဲဒီကိစ္စတွေအတွက် လာရောက် ညှိနှိုင်းတာဖြစ်နိုင်တယ်"လို့ ဒေါက်တာလှကျော်ဇောကသုံးသပ်ပါတယ်။

အာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ တရုတ်အစိုးရတို့ကြား တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်လို့ Code of conduct ထိုးမှာဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကို လာရောက် ညှိနှိုင်းတာဖြစ်နိုင်ပါတယ်။အာဆီယံအဖွဲ့ အစည်းအနေနဲ့ တခြားသောနိုင်ငံတွေနဲ့ သဘောတူညီမူ့ တစ်ခုခုလုပ်ရင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ လုံး သဘောတူမှဆောင်ရွက်လေ့ရှိပါတယ်။

တရုတ်အစိုးရအနေနဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် တခြားသောနိုင်ငံတွေ မလူးသာမလွန့်သာ ဖြစ်နေချိန်မှာ သူတို့ရဲ့ အာရှပစိဖိတ် ဒေသလွှမ်းမိုးရေး အစီအစဉ်ကို မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ဖို့ ကြိုးစားလာ တာဖြစ်ပါတယ်။ဒီလိုစီမံကိန်းတွေ အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့လည်းအရေးကြီးတဲ့ နိုင်ငံတစ်ခု ဖြစ်နေတယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။

အာဆီယံနိုင်ငံတွေ ကြားတရုတ်နဲ့အငြင်းပွားမှု ပြဿနာ တောင်တရုတ်ပင်လယ်အရေးမှာ မြန်မာဘက် ကထောက်ခံမှု တရုတ်က လိုချင်

မြန်မာကို တရုတ်ဘက် ကဘာတွေ အကူညီပေးဖို့ရှိလား

နေပြည်တော် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ဖြန့်ဝေတဲ့အချိန်မှာ မြန်မာနိုင်ငံ ကိုလည်း ထောက်ပံ့သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ယွမ်သန်း ၂၀၀ (ကျပ်သန်း ၄ သောင်းလောက်) ပေးအပ်သွားမယ်လို့ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူခဲ့တဲ့ အကျိုးတူစီမံကိန်းတွေ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံက ကြွေးမြီပေးဆပ်မယ့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးပြီး အကူအညီပေးအပ်သွားမယ့်ကိစ္စ စတာတွေ နေပြည်တော်ကို ရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ် ။

တစ်ခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက် လို့ကုလသမဂ္ဂနဲ့ အိုင်စီဂျေ တရားရုံးတွေရင်ဆိုင်နေရတာရှိပါတယ်။

မြန်မာနိုင်ငံကတော့ ကိုဗစ်ရောဂါ ဒုတိယလှိုင်းအပြင် ရခိုင်ပြည်နယ်အရေးနိုင်ငံတကာဖိအားတွေ ရင်ဆိုင်ရချိန်မှာတော့ လာမယ့် ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် ကာလတွေမှာလည်း မြန်မာနိုင်ငံအရေးတွေမှာ တရုတ်နိုင်ငံအနေနဲ့ အရင်ကထက်ပို မို ပါဝင်လာဖို့ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

တရုတ် အထူးကိုယ်စားလှယ်အနေနဲ့ သူတို့လိုအပ်ချက်ကိုတောင်းဆိုသွားသလို့ မြန်မာအစိုးရအတွက် မကြာခင်ရင်ဆိုင်ရမယ့် ရခိုင်အရေးနဲ့ပတ်သက်လို့ရင်ဆိုင်ရမဲ့ပြဿနာတွေမှာလဲ တရုတ်အစိုးရက မြန်မာအစိုးရနဲ့ အတူတကွရပ်တည်မယ်ဆိုတဲ့ ပြောဆိုချက်ဟာ လက်ရှိအစိုးရအတွက်တော့ အားတက်စရာ တခုဖြစ်ပါတယ်။။

အလားတူ ကိုဗစ် ရောဂါကြောင့်စီးပွါးရေးထိခိုက်သွားတဲ့အပေါ် တရုတ်အစိုးရဘက်က အတိုးနှုန်းသက်သာပြီး ပြန်ဆပ်ကာလ ရှည်ကြာတဲ့ ချေးငွေပေးမယ်လို့ကမ်းလှမ်းချက်တွေဟာလဲ လက်ရှိ အစိုးရရင်ဆိုင်နေရတဲ့ စီးပွါးရေးအခက်အခက်နဲ့ ငွေကြေးလိုအပ်ချက်တွေအတွက် အားကိုးစရာ ဖြစ်လာနိုင်ပါတယ်။ဒီအချက် နှစ်ချက်ဟာဆိုရင်လည်း မကြာခင် ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် အန်အယ်ဒီ အစိုးရကို တရုတ်နိုင်ငံက ကူညီပေးတဲ့သဘောဖြစ်တယ် လို့ လေ့လာသူတွေကသုံးသပ်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54147676

ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ ရွေးကောက်ပွဲအပြီး ကိုဗစ်အလွန် မြန်မာ့နိုင်ငံအရေးကို တရုတ်တို့ ဘယ်လိုမြင်သလဲ Reviewed by THITHTOOLWIN on 00:24 Rating: 5

No comments:

Powered by Blogger.