ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ်

 ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ်

လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အထူးသဖြင့် မွတ်စလင် ဝီဂါလူနည်းစုတွေ အပေါ်ဖိနှိပ်မှုတွေကြောင့် တရုတ်ရဲ့ ရှင်ကျန်းဒေသက တင်ပို့ကုန်တချို့ကို အမေရိကန်က ပိတ်ပင်ပါတော့မယ်။

အဲဒီကုန်တွေ ထုတ်လုပ်ရာမှာ "အတင်းအဓမ္မလုပ်အားစေခိုင်းမှုတွေ" ရှိတယ်လို့ အမေရိကန်ကပြောပြီး အဲဒီ အဓမ္မစေခိုင်းတာတွေလုပ်နေရတဲ့ နေရာတွေထဲမှာ တရုတ်က "အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းနေရာ" လို့ ခေါ်ပြီး အနောက်ကမ္ဘာက "ထိန်းသိမ်းရေး အကျဉ်းစခန်း" လို့ သတ်မှတ်ထားတဲ့နေရာတခုလည်းပါတယ်လို့ ဆိုပါတယ်။

ပိတ်လိုက်တဲ့ တင်ပို့ကုန်တွေထဲမှာ အန်ဟွီ ပြည်နယ်နဲ့ ရှင်ကျန်းပြည်နယ်အတွင်း တချို့ ကုမ္ပဏီ သို့မဟုတ် နေရာ စုစုပေါင်း ၅ ခုက ထုတ်လုပ်တဲ့ အဝတ်အထည်၊ ချည်၊ ကွန်ပျူတာ အစိတ်အပိုင်းတွေနဲ့ ဆံပင်ဆိုင်ရာ အလှကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။

အခုပိတ်ပင်မှုက အဲဒီဒေသတခုလုံးနဲ့ ပတ်သက်တာအားလုံးကို ပိတ်ပင်တာတော့ မဟုတ်ပါဘူး။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန ယာယီဝန်ကြီး ကဲန်နက် ကူချဲလ်နယ်လီက "လွန်ကဲတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပုံမှန်နဲ့မတူတဲ့ တုံ့ပြန်မှုလုပ်ဖို့ လိုပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ဒါဟာ ခေတ်သစ် ကျွန်ပြုမှုပါပဲ။"

ရှင်ကျန်းမှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး တရုတ်ကို ထရမ့် အစိုးရက ဖိအားပေးနေရာမှာ ဒါဟာ နောက်ဆုံးဖြစ်ပေါ်လာမှုတခုပါ။

Map

ဘေဂျင်းက နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ဆိုကာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရှင်ကျန်းပြည်နယ်က လူ ၁ သန်းကျော်ကို ထိန်းသိမ်းထားတယ်လို့ အများက မှတ်ယူထားကြပါတယ်။

တရုတ်ကတော့ သူတို့ရဲ့ သင်တန်းကျောင်းတွေထဲမှာ အလုပ်အတွက်သင်တန်းတွေ၊ ပညာပေးတာတွေ လုပ်ပေးနေပြီး ဒီသင်တန်းကျောင်းဌာနတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ခွဲထွက်ရေး ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။

လောလောလတ်လတ် လေ့လာထားတဲ့ သုတေသနတွေအရ ထောင်နဲ့ချီတဲ့ ကလေးငယ်တွေ သူတို့ မိဘတွေနဲ့ ခွဲထားတာခံနေရသလို၊ အမျိုးသမီးတွေ သန္ဓေမဆောင်နိုင်အောင် အတင်းအဓမ္မ တားမြစ်နေတာတွေလည်း ပါဝင်ပါတယ်။

တရုတ်ရဲ့ ချည်အများစုက ရှင်ကျန်းကထွက်တာဖြစ်

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပိတ်ပင်တားမြစ်ချက်တွေဟာ "အမေရိကန်ကို တင်သွင်းတဲ့ကုန်တွေကို ပြုလုပ်ရာမှာ တရားမဝင်လုပ်နေကြတာလည်းဖြစ်၊ လူမဆန်တဲ့နည်းတွေ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့နည်းတွေနဲ့ အတင်းအဓမ္မအလုပ်စေခိုင်းတာတွေကို ကျွန်တော်တို့အနေနဲ့ သည်းခံကြည့်နေမှာမဟုတ်ဘူးဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းဆီ ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာပါ" လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာနက ယာယီကော်မရှင်နာ မတ်ခ် အေ မော်ဂန်က ပြောပါတယ်။

"အတင်းအဓမ္မအလုပ်စေခိုင်းမှုဟာ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ကျွန်တော်တို့တတွေ ခံယူထားတဲ့ တန်ဖိုးတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတာပါ။"

"နိုင်ငံခြားကုမ္ပဏီတွေက အကာအကွယ်မဲ့နေတဲ့ အလုပ်သမားတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေနေတာတွေ၊ အဲဒါတွေကြောင့် လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေတာတွေ၊ ဒါတွေကို ထရမ့်အစိုးရအနေနဲ့ ဒီအတိုင်းပစ်ထားပြီး လွှတ်ထားပေးတော့မှာမဟုတ်ပါဘူး" လို့ မစ္စတာ မော်ဂန်ကပြောပါတယ်။

အခုဒီတားမြစ်မိန့်ဟာ ကုမ္ပဏီ ၄ ခုနဲ့ ထုတ်လုပ်ရေးနေရာ တခုကို ပစ်မှတ်ထားထားပါတယ်။

တရုတ်ဟာ ကမ္ဘာ့ချည်မျှင်ထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာဖြစ်ပြီး အဲဒီထဲက အများစုက ရှင်ကျန်းဒေသက လာတာဖြစ်ပါတယ်။ အဲဒီဒေသကနေ တရုတ်ရဲ့ စက်ရုံတွေလိုအပ်တဲ့ ရေနံဓာတုပစ္စည်းတွေ၊ အခြားကုန်ပစ္စည်းတွေကို အဓိက ထုတ်လုပ်ပေးနေတာပါ။

ဒီလအတွင်းမှာပဲ အမေရိကန် ရုပ်ရှင်ကုမ္ပဏီကြီး ဒစ်စနီဟာ ရှင်ကျန်းပြည်နယ်အတွင်း မူလန် (Mulan) ဇာတ်ကားအသစ်အတွက် ဇာတ်ဝင်ခန်းတချို့ကို သွားရိုက်ခဲ့တဲ့အတွက် အပြင်းအထန် ဝေဖန်ခံရတာတွေနဲ့ ကြုံနေရပါတယ်။

ဒီဒေသနဲ့ ဆက်နွယ်နေတယ်လို့ မသင်္ကာခံရတဲ့ တခြား ကုမ္ပဏီတွေကိုလည်း စားသုံးသူတွေက သပိတ်မှောက်ကြဖို့ နှိုးဆော်တာတွေလည်း ထွက်ပေါ်နေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54164770

ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ်  ရှင်ကျန်း - လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တရုတ်ရဲ့ တင်ပို့ကုန် တချို့ကို အမေရိကန်က ပိတ် Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.