မြောက်ဦးက သုံးဘီးမောင်းသူ တပ်အချုပ်မှာသေဆုံး


စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးထားချိန် ဒေသခံတစ်ယောက် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ မြောက်ဦးမြို့က သုံးဘီးမောင်းသူ သာမန်အရပ်သားတစ်ဦး ဖြစ်တယ်လို့ မိသားစုနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောဆိုထားပြီး၊ တပ်မတော်ကတော့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

သေဆုံးသူဟာ မြောက်ဦးမြို့မြို့သစ်ရပ်ကွက်က တုတ်တုတ်သုံးဘီးမောင်းတဲ့ အသက် ၃၇ နှစ်အရွယ် ဦးအေးကျော် ဖြစ်ပါတယ်။ သူ့အလောင်းကို အမှတ် ၃၇၇ တပ်ရင်းကနေ စက်တင်ဘာ ၂၈ ရက် မနေ့ညနေမှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့တာပါ။

မနေ့ နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က အကူအညီတောင်းလာလို့ အမှတ် ၃၇၇ တပ်ရင်းထဲကနေ အလောင်းကို သွားသယ်ခဲ့ရတယ်လို့ မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောပါတယ်။

“ကျနော်တို့ ရတနာပါလနာရေးကူညီမှုအသင်းကို မနေ့က တစ်နာရီကျော်လောက်မှာ ရဲက အကူအညီ လှမ်းတောင်းပါတယ်။ သူတို့ပြောတာက ၃၇၇ တပ်ရင်းထဲမှာ လူသေမှုတစ်ခု ရှိတယ်။ အဲဒါကို ကူညီပေးပါ။ ဆေးရုံကို ပြောင်းပေးပါလို့ ပြောပါတယ်။ ရဲကတော့ ၃ နာရီကျော်မှ ကျနော်တို့ နာရေးကူညီအမှုအသင်းကို ရောက်လာပါတယ်။ ကျနော်တို့ နာရေးကူညီမှုအသင်းကားနဲ့ပဲ ရဲပါ ကျနော်တို့နာရေးအသင်းပါ သွားပြီးတော့ ယူလိုက်ပါတယ်။ ၃ နာရီကျော်လောက်က စထွက်တာ ၄ နာရီခွဲလောက်မှာ ဆေးရုံကို ရောက်ပါတယ်။”

သေဆုံးသူ ဦးအေးကျော်ဟာ စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့မနက်က မြောက်ဦးမြို့နယ် နထင်ရွာကို သူ့သုံးဘီးနဲ့ ခရီးသည်လိုက်ပို့ချိန် လမ်းမှာ အမှတ် ၃၇၇ တပ်ရင်းက ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာပဲ ဒဏ်ရာတွေနဲ့ သူ့အလောင်းကို အခုလို ဆေးရုံပို့လိုက်တာဖြစ်တယ်လို့ သေဆုံးသူရဲ့ ယောက္ခမ ဦးမောင်နုက ပြောပါတယ်။

“မနေ့က နာရေးကားဟာ အဲဒီတပ်ရင်းဘက်ကို ထွက်သွားတယ်။ နာရေးကားထွက်သွားတော့ ကျနော်တို့လည်း သံသယရှိတာနဲ့ နာရေးကားပြန်ထွက်လာတဲ့အချိန် အဲဒီ နာရေးကားနောက်ကလိုက်ပြီး ဆေးရုံရောက်တဲ့အခါ ကျနော့်သားမက် အေးကျော် ဖြစ်နေပါတယ်။ အလောင်းက ဒဏ်ရာတွေကတော့ ခေါင်းတွေမှာ ဖောက်ထွင်းလို့၊ ကွဲလို့ သွေးတွေယိုလို့ တွေ့ရပါတယ်။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ပါပါတယ်။  ဒါပေမဲ့ ခေါင်းမှာ လောက်တော့မများဘူး။ သူက ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူပါ။ တုတ်တုတ်သုံးဘီး မောင်းပါတယ်။”

သေဆုံးသွားတဲ့ ဦးအေးကျော်မှာ အသက် ငါးလအရွယ်နဲ့ ငါးနှစ်အရွယ် သမီး နှစ်ယောက် ကျန်ခဲ့ပြီး၊ နောက်နောင် အရပ်သားတွေအပေါ် အခုလို မလုပ်စေချင်ဘူးလို့လည်း ယောက္ခမ ဦးမောင်နုက ပြောပါတယ်။

သူ့ရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့လယ်မှာပဲ မြောက်ဦးသုဿန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ ဆေးစစ်ချက် မှတ်တမ်း သိနိုင်ဖို့အတွက် မြောက်ဦးဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။

သေဆုံးသူဟာ မနေ့မနက်က မနက်စာကျွေးဖို့လုပ်နေတဲ့ စစ်ကြောရေးအဖွဲ့ဝင်ဆီကနေ ပစ္စတိုသေနတ်ကိုလုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခံတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ သူ့ကို စက်တင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးချိန် ရက္ခိုင့်တပ်တော် AA မှာ တပ်ကြပ်အဆင့်ရှိသူဖြစ်တာကို ဝန်ခံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီညနေအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ သေဆုံးသူ ဦးအေးကျော် ဟာ AA တပ်ဖွဲ့ဝင် လုံးဝ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ တပ်မတော်ဘက်က ဖော်ပြထားတဲ့ ယူနီဖောင်းနဲ့ ဓာတ်ပုံဟာ လုပ်ကြံထားတဲ့ ဓာတ်ပုံသာ ဖြစ်ပြီး၊ အခုဖြစ်ရပ်ဟာ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု မြောက်တာကြောင့် အစိုးရရော၊ မြန်မာစစ်တပ်မှာပါ တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ကလည်း ခမရ ၃၇၇ တပ်ရင်းက ကျူးလွန်ခဲ့တဲ့ ဒီရာဇဝတ်မှုကို တည်ဆဲဥပဒေအရ အမြန်ဆုံး အရေးယူပေးဖို့ အလေးအနက် တောင်းဆိုထားကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အပြစ်မဲ့အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ ကိစ္စတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆီကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း ဒီနေ့အထိ တုံ့ပြန်ခြင်းမရှိတဲ့အပြင် အလားတူ ဖမ်းဆီးနှိပ်စက် သေဆုံးရတဲ့ဖြစ်ရပ်တွေ ဆက်ကြုံနေရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းကလည်း ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောဆိုပါတယ်။

“ဒီလို မြောက်ဦးအခြေစိုက် ၃၇၇ တပ်ရင်းက အရပ်သားပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီးတော့မှ သေဆုံးသွားတဲ့ရုပ်အလောင်း အဲဒီ ၃၇၇ တပ်ရင်းကနေ ပို့တာ သုံးလောင်း ရှိပြီလို့ ကျနော်တို့ သိရတယ်။ ညဉ်းပန်းနှိပ်စက်လို့ ကိုဇော်ဝင်းလှိုင် ဆိုတဲ့သူလည်း သေဆုံးသွားတယ်။ ကျောက်တော်မှာလည်း အခုလို ပို့လာတာတွေ အများကြီးရှိတယ်။ စစ်တပ်က အခုလို ဖမ်းဆီးစစ်ဆေးနေချိန် ညှဉ်းပန်းနှိပ်စက်ပြီးတော့ သူတို့ လက်ထဲမှာ သေဆုံးသွားတာ လူအယောက် ၃ဝ ကျော်ပြီပေါ့ ကျနော်တို့ သိရတာက။ ဒါဟာ ဥပဒေမဲ့ သတ်ဖြတ်တာပဲ။ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်သလို လူ့အခွင့်အရေး ယနစ်ရဲ့ အပိုဒ် ၃ နဲ့ ၅ ကိုလည်း ချိုးဖောက်တာဖြစ်တယ်။”

ရခိုင်ပြည်နယ်မှာ AA သံသယနဲ့ တပ်မတော်က အရပ်သားတွေကို  ဖမ်းဆီးစစ်ဆေးနေစဉ်မှာ သေဆုံးသွားတဲ့ သူတွေရှိသလို၊ ဒဏ်ရာတွေနဲ့ ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။

မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကလည်း ပုဇွန်ဖေရွာက အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ကို အဲဒီအမှတ် ၃၇၇ တပ်ရင်းက ဖမ်းဆီးသွားပြီး၊ နောက် သုံးရက်အကြာမှာ သူ့ရဲ့ရုပ်အလောင်းကို အဲဒီ တပ်ရင်းထဲကပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ရွာက အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးကို အဲဒီအမှတ်-၃၇၇ တပ်ရင်းက မြို့အဝင် ငွေတောင်ပေါက်တံတားအနီးမှာ ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာမှာ သူ့ရဲ့ရုပ်အလောင်းကို အဲဒီ တပ်ရင်းကပဲ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားစဉ် သေဆုံးသူ ၃၁ ဦးအထိ ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Three-wheeler-driver-died-in-mrauk-u-detention-center-09292020085615.html

မြောက်ဦးက သုံးဘီးမောင်းသူ တပ်အချုပ်မှာသေဆုံး  မြောက်ဦးက သုံးဘီးမောင်းသူ တပ်အချုပ်မှာသေဆုံး Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.