အစိုးရက သတင်းသမားတွေကို ကပ်ဘေးကာလမှာ ထောက်ပံ့မည်

နေပြည်တော်မှာ သတင်းယူနေတဲ့ သတင်းသမားတွေကို ၂၀၂၀၊ ဇူလိုင် ၁၇ ရက်နေ့က တွေ့ရစဉ်

Photo: RFA

ပြည်ထောင်စုအစိုးရက ကိုဗစ်ကာလထောက်ပံ့ငွေအဖြစ် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနဲ့ သတင်းမီဒီယာနယ်ပယ် ငါးခုအတွက် ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။

ကဏ္ဍတစ်ခုစီအတွက် ကျပ်သိန်း ၃၀၀ စီရရှိမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှုး (၁) ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။

သတင်းမီဒီယာအတွက် ရရှိမယ့် ကျပ်သိန်း ၃၀၀ ကို ဘယ်လိုပုံစံ ခွဲဝေရမယ်ဆိုတာ သတင်းမီဒီယာ အဖွဲ့အစည်း အသီးသီးနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ထောက်ပံ့ရေးအစီအစဉ်အတွက် ဒီနေ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေဖြစ်တဲ့ MJU၊ MJA၊ BNI၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အမျိုးသမီး သတင်းသမားအဖွဲ့အစည်း၊ အထက်မြန်မာပြည် သတင်းစာဆရာအသင်းတို့ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

သတင်းသမားတစ်ဦးကို ကျပ်သုံးသောင်း ထောက်ပံ့ဖို့လျာထားပေမယ့် သတင်းသမားအကုန်လုံးက လူဦးရေ တစ်ထောင်ကျော်တာမို့ အမှန်တကယ်လိုအပ်သူတွေကို ဦးစားပေးဖို့လည်း စဉ်းစားချက်ရှိနေတယ်လို့ ပြောပါတယ်။

အခြားကဏ္ဍ အသီးသီးကလည်း ထောက်ပံ့ရေးဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပြီး မကြာခင်မှာ ထောက်ပံ့မှု ရရှိမှာဖြစ်ပါတယ်။

မေလဆန်းမှာ သတင်းသမားတွေက သတင်းသမားများ လူမှုကူညီရေးကော်မတီ ဆိုတာကို ဖွဲ့စည်းကာ ရန်ပုံငွေ ရှာဖွေခဲ့ပြီး အမှန်တကယ်လိုအပ်နေတဲ့ သတင်းသမားတွေ အထူးသဖြင့် ကပ်ဘေးကာလ အလုပ်ကနေ ရပ်နားခံရတဲ့ သတင်းသမားတွေကို ထောက်ပံ့ခဲ့ပါတယ်။ အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့၊ စောင့်ကြည့်စခန်းဝင်ရတဲ့ သတင်းသမားတွေထဲက အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/the-government-will-support-journalists-during-covid-19-09292020071629.html

အစိုးရက သတင်းသမားတွေကို ကပ်ဘေးကာလမှာ ထောက်ပံ့မည်  အစိုးရက သတင်းသမားတွေကို ကပ်ဘေးကာလမှာ ထောက်ပံ့မည် Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.