မြောက်ဦးက သုံးဘီးသမားတစ်ဦး အဖမ်းခံရပြီး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Ko Maung Wine

မြောက်ဦးမှာ အေအေအဖွဲ့ရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးကို တပ်မတော်က ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် မိမိကိုယ်ကို သတ်သေသွားခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေ စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ တပ်မတော်ဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က မြောက်ဦးဘက်ကနေ ဘောင်းဒွတ်ကျေးရွာဘက်ကို သုံးဘီးဆိုင်ကယ် မောင်းနှင်လာသူ ဦးအေးကျော်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ သူ့ရဲ့ လက်ကိုင်ဖုန်းအတွင်းက အေအေအဖွဲ့နဲ့ ဆက်သွယ်ထားတဲ့ အချက် အလက်တွေကို တွေ့ရှိခဲ့တယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲ့ဒီသေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ဦးအေးကျော်ဆိုသူဖြစ်ပြီး မြို့သစ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ကာ သုံးဘီး ဆိုင်ကယ် (တုတ်တုတ်) မောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်တယ်လို့ မိသားစုတွေနဲ့ မြောက်ဦးမြို့ခံတွေက ပြောဆိုကြပါ တယ်။

သူဟာ မြောက်ဦးမြို့မှာ မိသားစုတွေနဲ့အတူလုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ပြီး အေအေ အဖွဲ့ဝင်တစ်ဦး မဟုတ်သလို အဆက်အသွယ်လည်းမရှိဘူးလို့ ယောက္ခမဖြစ်သူ ဦးမောင်နုက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NARINJARA

ဦးအေးကျော်ဟာ သူတို့နဲ့တစ်ရပ်ကွက်တည်းနေ အသက် ၇၆ နှစ်အရွယ် ဒေါ်ခိုင်စံနုကို နဒင်ကျေးရွာကို သုံးဘီးအငှား လိုက်ပို့စဉ် မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခြင်း ခံလိုက်ရတာ ဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

ဦးအေးကျော်ဖမ်းဆီးခံရပြီး နောက်တစ်ရက် စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်း ၄ နာရီ ၄၀ အချိန်မှာ မြောက်ဦးဆေးရုံကို အလောင်းရောက်လာခဲ့တယ်လို့ သိရကြောင်း ယောက္ခမဖြစ်သူ ဦးမောင်နုက ပြောပါတယ်။

"နဒင်ရွာကို လူနာသွားပို့တဲ့အချိန် လမ်းမှာ ၃၇၇ တပ်ရင်းမှာ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတာကို သူလိုက်ပို့တဲ့ လူနာအမျိုးသမီး ဖုန်းဆက်ပြောလို့သိရတာပါ။ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၄၀ လောက်မှာ ဆေးရုံကိုအလောင်း ရောက်လာတယ်။ သူ့ကိုသွားကြည့်တော့ ခေါင်းမှာ ဒဏ်ရာတွေအများကြီးတွေ့ရတယ်။ သွေးတွေလဲထွက်နေတယ်။ ဘယ်လိုသေဆုံးတယ်ဆိုတာကိုတော့ ကျွန်တော်တို့လဲ မသိရဘူး။"လို့ ယောက္ခမဖြစ်သူ ဦးမောင်နုက ပြောပါတယ်။

တပ်မတော်ဘက်က တော့ ပဏာမစစ်ဆေးချက်အရ အေအေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်က စစ်သည် ၁ ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှအရပ်သား လူငယ် ၂ ဦးဖမ်းဆီးခြင်းတို့ကို ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint lwin

စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းမှာ ဦးအေးကျော်သုံးဘီးဆိုင်ကယ်နဲ့ ဒေါ်ခိုင်စံနုနဲ့အတူ သူ့ရဲ့မြေးလေးတစ်ဦးပါပြီး ၃၇၇ တပ်ရင်း စစ်ဆေးရေးဂိတ်ကိုအရောက်မှာ သုံးဘီးကိုရပ်ခိုင်းပြီး နာမည်မေးပြီးတော့ ဖုန်းကိုစစ်ဆေးကာ ဖမ်းဆီးထားလိုက်တာလို့ ဦးမောင်နုကပြောပါတယ်။

ဒေါ်ခိုင်စံနုတို့မြေးအဘွားကိုတော့ နောက်ထပ်နှစ်ဘီးဆိုင်ကယ်တစ်စီးနဲ့ နဒင်ကျေးရွာကို လိုက်ပို့ခိုင်းလိုက်ပြီး ဦးအေးကျော် ကို တပ်တွင်းထဲသို့ခေါ်ဆောင်သွားခဲ့ကြတယ်ဆိုတာကို မိသားစုတွေဆီ ဒေါ်ခိုင်စံနု ဖုန်းဆက်အကြောင်းကြားမှ သိရတာလို့ မိသားစုတွေကပြောပါတယ်။

သမက်ဖြစ်သူ ဖမ်းဆီးခံနေရတယ်ဆိုတဲ့သတင်းကြားသိရတဲ့အတွက် ၃၇၇ တပ်ရင်းကို မိသားစုတွေ ချက်ချင်းလိုက်သွားချိန်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်က အဲ့လိုဖမ်းဆီးထားတာမရှိကြောင်း၊ တပ်ထဲကိုဝင်ခွင့်မပြုနိုင်ကြောင်းနဲ့ အဲ့ဒီနေရာမှာစုရုံး မနေကြဖို့၊ အိမ်ပြန်ကြဖို့ ပြောဆိုတဲ့အတွက် တွေ့ခွင့်မရဘဲ ပြန်လာခဲ့ရတယ်လို့ ဦးမောင်နုက ပြောပါတယ်။

တပ်မတော်ရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရပြီး နောက်တစ်ရက်နေ့ညနေပိုင်း မြောက်ဦးဆေးရုံကို အလောင်း ရောက်တဲ့အချိန်မှာ သေဆုံးနေတဲ့ဦးအေးကျော်ရဲ့ဦးခေါင်းမှာ ရိုက်နှက်ဒဏ်ရာတွေအများအပြားပါရှိသလို သွေးယိုစိမ့်နေတာတွေကိုလဲ တွေ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ပေါ်မှာလဲ အခြားဒဏ်ရာတွေကို အများအပြားတွေ့ရပြီး တပ်က ဖမ်းဆီးသွားပြီးတဲ့နောက်မှာ ဘယ်လိုသေဆုံးသွားခဲ့ရတယ်ဆိုတာကို သူတို့အနေနဲ့ မသိရှိနိုင်ကြောင်း ဦးမောင်နုက ပြောပါတယ်။

"ကျွန်တော်တို့ကိုတော့ မနေ့က ၁၂ နာရီကျော်လောက်မှာ ရဲစခန်းမှူးကနေ အကြောင်းကြားလာပါတယ်။ ၃၇၇ တပ်ရင်းကနေ အလောင်းတစ်လောင်းသွားယူရမယ်ဆိုပြီးတော့ပေါ့။ ရဲတပ်ဖွဲ့ကလုံခြုံရေးတွေ နေ့လယ် ၃ နာရီလောက်မှာရောက်လာတော့ ကျွန်တော်တို့ဆီက ကားနဲ့သွားယူလိုက်တယ်။ ပြီးတော့ ဆေးရုံကိုပို့ပေးလိုက်ပါတယ်။"လို့ အလောင်းသွားယူခဲ့တဲ့ မြောက်ဦးမြို့ နာရေးကူညီမှု ဖောင်ဒေးရှင်းက ပြောပါတယ်။

ဦးအေးကျော်ကို တပ်တွင်းဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်လျက်ရှိနေပြီး စက်တင်ဘာ ၂၈ ရက်နေ့မနက်ပိုင်း ၈ နာရီလောက် မှာ မနက်စာကျွေးဖို့ပြင်ဆင်နေတုန်း စစ်ကြောရေးတပ်ဖွဲ့ဝင်ရဲ့ ပစ္စတိုသေနတ်ကိုလုပ်ယူပြီး မိမိကိုယ်ကို ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ရက် ကလဲ မြောက်ဦးမြို့ ခံတစ်ဦး အမျိုးသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးထားစဉ် လက်နက်အား ရုတ်တရက်လုယူရန် ကြိုးစားရာ မအောင်မြင်ဘဲ ထွက်ပြေးလို့ ခြောက်လှန့်ပစ်ခတ်ရာမှာ သေဆုံးသွားခဲ့တယ်ဆိုပြီး အခုလိုမျိုး အလောင်းပို့ဆောင်ပေးခဲ့ဖူးပါတယ်။

အဲ့ဒီသေဆုံးသူကိုလဲ အေအေတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပ်မတော်တပ်ရင်းဌာနချုပ်တံခါးကို လာရောက်ဖွင့်တဲ့အတွက် သေနတ်ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု သေဆုံးသူ ဦးအေးကျော်မှာ အသက် ၆ နှစ်အရွယ် သမီးတစ်ဦးနဲ့ လသားအရွယ် သမီးတစ်ဦးတို့ကျန်ခဲ့ပြီး ။ဦးအေးကျော်ရဲ့ရုပ်အလောင်းကိုတော့ မြောက်ဦးမြို့ သုဿန်မှာ စက်တင်ဘာ ၂၉ ရက် ဒီကနေ့နေ့လယ် ၂ နာရီမှာ ဂူသွင်းသင်္ဂြိုဟ်လိုက်ပြီလို့သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54340103

မြောက်ဦးက သုံးဘီးသမားတစ်ဦး အဖမ်းခံရပြီး သေဆုံး မြောက်ဦးက သုံးဘီးသမားတစ်ဦး အဖမ်းခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.