ရဲမှူးတစ်ဦးအပါအဝင် ရဲမိသားစု ၁၁ ဦးထိ ကိုဗစ်ကူးစက်ခံရသဖြင့် စစ်တွေအမှတ်(၁)ရဲစခန်းကိုလော့ဒေါင်းချ

နိရဥၥရာ၊ စက္တင္ဘာ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ရဲမှူးတစ်ဦး အပါအဝင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ကာ လော့ဒေါင်း (lock down) ချလိုက်ပြီဟု သတင်းရရှိသည်။

စစ်တွေမြို့နယ်ရဲမှူးအပါအဝင် အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၆ ဦးတို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့သည်။

ယနေ့နံနက်တွင် သူတို့နှင့်ထိတွေ့ခဲသည့်အတွက် အမှတ်(၁) ရဲစခန်းတစ်ခုလုံးကို ဆေးစစ်ချက် နမူနာများ လာရောက်ယူသွားခဲ့ပြီး လက်ရှိတွင် စခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်လိုက်ကာ လော့ဒေါင်း ချထားလိုက်ခြင်းဖြစ်ကြောင်း  အမှတ်(၁)ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ကို ဆေးစစ်ချက်နမူနာတွေ ဒီနေ့ မနက်က လာယူသွားတယ်။ အချုပ်သားတွေကို မနက်ဖြန် လာစစ်မယ်လို့ သိရတယ်။ စခန်းကို အသွားအလာ ကန့်သတ်ထားတယ်။ ကျွန်တော်တို့ ကွာရန်တင်း ဝင်နေရတာပေါ့။ ကံကောင်းချင်တော့ လူအဝင်အထွက်လည်း ဒီရက်ပိုင်းသိပ်မရှိဘူး။ စစ်ထားတဲ့အဖြေသိရမှ စခန်းကို ဘာလုပ်မယ်ဆိုတာ သိရမယ်။ အခြေအနေအရ အမှတ်(၂) ရဲစခန်းကို တာဝန်လွှဲတာလုပ်ထားတယ်” ဟုပြောသည်။

ရောဂါပိုးတွေ့ရှိခဲ့သူများမှာ စစ်တွေဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်ပြောသည်။

အမှတ်(၁) ရဲစခန်းကို ယနေ့ နံနက်ကစပြီး စခန်းတစ်ခုလုံးကို လော့ဒေါင်းချလိုက်ခြင်းဖြစ်ကြောင်း၊ အမှုများကို  စစ်တွေမြို့ အမှတ်(၂) နယ်မြေခံ ရဲစခန်းမှ လွှဲပြောင်းလက်ခံဆောင်ရွက်နေကြောင်း အမှတ်(၂) စခန်းမှူး ရဲအုပ် တင်လင်းမောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

“မြို့နယ်မှူးနဲ့သူတို့စခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေဆီမှာ ရောဂါပိုးတွေ့တယ်ဆိုပြီးကျွန်တော်ကို အမှတ်(၁) စခန်းမှူးက ပြောတယ်။ အခုအမှုတွေကို ဒီ အမှတ် ၂ မှာဘဲ ဖွင့်တယ်။ သူတို့ဆီကို သွားမပေးရဘူး။ ပြီးမှ သက်ဆိုင်ရာ အမှုစစ်ကိုဘဲပေးတယ်။ မင်းဂံဆို မင်းဂံစခန်းကိုပေးတယ်ပေါ့ဗျာ။ ဆိုလိုတာက ဒီနေ့ဆိုရင် မှန်စီကအမှုဖွင့်တယ်။ ဒီမှာဖွင့်တယ်။ ပြီးတော့ မှန်စီက စခန်းမှူးပဲ အမှုစစ်ပြန်လုပ်တယ်။ အဲလိုမျိုး” ဟုပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့ကလည်း စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ စခန်းမှူးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါ စခန်းတစ်ခုလုံးကို သြဂုတ်လ ၂၈ ရက်နေ့ကစ၍ lockdown ချထားခဲ့ကာ လွန်ခဲ့သည့် ရက်ပိုင်းခန့်ကမှ ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း ၎င်း၏ ပြောပြချက်အရသိရသည်။

စစ်တွေမြို့တွင် ယနေ့  စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၅၂၇ ဦးထိရှိလာသည်။ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာသဖြင့် စစ်တွေဆေးရုံကြီးမှ ဆင်းခွင့်ရရှိသူ ၂၇၈ ဦးအထိရှိလာနေကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၏ ထုတ်ပြန်သော စာရင်းအရသိရသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

ရဲမှူးတစ်ဦးအပါအဝင် ရဲမိသားစု ၁၁ ဦးထိ ကိုဗစ်ကူးစက်ခံရသဖြင့် စစ်တွေအမှတ်(၁)ရဲစခန်းကိုလော့ဒေါင်းချ ရဲမှူးတစ်ဦးအပါအဝင် ရဲမိသားစု ၁၁ ဦးထိ ကိုဗစ်ကူးစက်ခံရသဖြင့် စစ်တွေအမှတ်(၁)ရဲစခန်းကိုလော့ဒေါင်းချ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.