မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့်

ရွှေလီရှိ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်တခု။ (မေ ၂၅၊ ၂၀၁၂)

မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ မြန်မြန်ဆန်ဆန်တိုးလာသလို သေဆုံးသူတွေ ထပ်ရှိလာတဲ့အချိန် တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ ရွှေလီမြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေလည်း ပိုပြီးလုပ်ဆောင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ အရေအတွက်ရော သေဆုံးတာပါ တိုးလာနေချိန် ယူနန်ပြည်နယ် ရွှေလီမြို့ထဲက မြန်မာအများစုရှိတဲ့ စက်ရုံတွေ၊ ရပ်ကွက်တွေမှာ တရုတ်လုံခြုံရေး တာဝန်ရှိသူတွေက နေထိုင်ခွင့် အထောက်အထား ရှိ၊ မရှိ စစ်ဆေးနေတာရှိကြောင်း ရွေလီ- ကျယ်ဂေါင် ပရဟိတအသင်းက ဦးသန်းထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“အသွားအလာတွေတော့ နည်းနည်း တင်းကြပ်တယ်ဗျ၊ ရှမ်းရွာတွေ ဘာတွေထဲလေ၊ အခုနှစ်ရက် သုံးရက်လောက်ရှိပြီဗျ၊ ၇ ရက်နေ့လောက်က စတာ။ ဒီရွာအဝင်အထွက်တွေကိုလေ အဲလိုမျိုး နေရပ်ထောက်ခံစာတွေ၊ ဘာတွေ အဲလိုမျိုး လိုအပ်တာပေါ့လေ။ အဲလိုမျိုးတော့ တင်းကြပ်တယ်ဗျ။”

အဓိကတော့ တရုတ်ဘက်က မြန်မာပြည်တွင်း ကျန်းမာရေးအခြေအနေတွေကြောင့် နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်နေတာလည်း ဖြစ်နိုင်ကြောင်း မူဆယ်မြို့က ကုန်သည်တဦးဖြစ်တဲ့ ဦးမင်းသိန်းက ပြောပါတယ်။

“ကျယ်ဂေါင်တို့ တရုတ်နယ်စပ်တွေမှာတော့ ရောဂါပိုး ထပ်တွေ့မယ်ဆိုရင်တော့ တင်းတင်းကြပ်ကြပ် ထပ်ပြီးပိတ်ဆို့မယ်လို့တော့ ကြားတယ်။ အခုတော့ မတွေ့သေးဘူး၊ လိုက်စစ်နေတယ် သူတို့ထဲမှာ၊ နယ်စပ်ထဲမှာ။ မြန်မာပါ လိုက်စစ်မှာပေါ့။ တရားမဝင်နေသူတွေဆို စစ်မယ်။ အခုလည်း ဂိတ်တွေပိတ်ထားတာကို တရားမဝင် ခိုးသွားတဲ့သူတွေက များနေလို့ မြန်မာပြည်က။ အဲဒါစိုးရိမ်ပြီး သူတို့ နည်းနည်းလေး ကျန်းမာရေးအရ တင်းကြပ် လိုက်တာပေါ့နော်။”

မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာစတွေ့တဲ့ မတ်လကုန်လောက်ကစလို့ မြန်မာ- တရုတ် နယ်စပ်အဝင်အထွက် စစ်ဆေးကြပ်မတ်တာကို နှစ်နိုင်ငံလုံး လုပ်ဆောင်ခဲ့ပေမဲ့ ဒီရက်ပိုင်း ရွှေလီမြို့ထဲစစ်ဆေးမှုတွေ တိုးလာတာကတော့ တရုတ်ပြည်ရဲ့ မူဝါဒနဲ့သာဆိုင်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောပါတယ်။

“တရုတ်ကတော့ သူ့နိုင်ငံရဲ့ မူဝါဒအရ သူတို့စစ်တာပဲ။ မူဝါဒဆိုတာ သူ့နယ်မြေအတွင်းမှာ သူလုပ်တယ်ဆိုရင်တော့ ကျနော်တို့လည်း၊ ကျနော်တို့တော့ ဘာမှ အကြောင်းကြားတာ မရှိဘူး။ ဥပမာဆိုရင်တော့ နယ်စပ်ဂိတ်တလျှောက်တို့၊ ဒီဘက်နဲ့ ပူးပေါင်းလုပ်ရမယ့် ကိစ္စရပ်တွေဆိုရင်တော့ သူတို့ပြောတာပေါ့။ ခိုးဝင်၊ ခိုးထွက်တွေကတော့ နှစ်နိုင်ငံလုံးပူးပေါင်းပြီး လုပ်နေတာပဲ။”

အခုအချိန်အထိတော့ တရုတ်မှာ သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြားမှာ ကိုဗစ်အတည်ပြုလူနာ မရှိသေးဘူးလို့ တရုတ်ပြည် လုံချွမ်ခရိုင်ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးအာကာစိုးက ဗွီအိုအေကို ပြောပါတယ်။

တရုတ်ယူနန်ပြည်နယ်မှာ COVID-19 အတည်ပြုလူနာ မတွေ့တော့တဲ့အချိန် မြန်မာဘက်က ရောဂါထိန်းချုပ်နိုင်မှု အခြေအနေကို စိုးရိမ်တာကြောင့် တရက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်းလောက်ရှိတဲ့ မူဆယ်ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်ဘက်က ဧပြီလကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/china-myanmar-border-covid/5578076.htm

မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့် မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့် Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.